မူပိုင်ခွင့်ဆိုင်ရာအရေးယူဆောင်ရွက်ခြင်းနှင့် မူဝါဒဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

နေပြည်တော်၊  စက်တင်ဘာလ ၉

            စင်ကာပူနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် “မူပိုင်ခွင့်ဆိုင်ရာအရေးယူဆောင်ရွက်ခြင်းနှင့် မူဝါဒဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ” သို့ မြန်မာနိုင်ငံမှ အရာထမ်းကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိပါသည်။

           အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို စင်ကာပူနိုင်ငံနှင့် ဂျပန်နိုင်ငံတို့၏ မူပိုင်ခွင့်အခွင့်အရေးများ (IP rights) ကာကွယ်ခြင်းဆိုင်ရာ အလေ့အကျင့်များ၊  ဆန်းသစ်သော ထုတ်ကုန်များနှင့် ဒီဇိုင်းများကို ထိန်းသိမ်းကာကွယ်ရမည့် နည်းလမ်းများကိုသိရှိစေရန်နှင့် နိုင်ငံတကာနှင့်ဒေသတွင်း မူပိုင်ခွင့်ဆိုင်ရာမူဝါဒများ၊ အရေးယူမှုဆိုင်ရာဥပဒေစနစ်များကို သိရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့  အာဆီယံအဖွဲ့ဝင်နိုင်ငံ အဖွဲ့လေးနိုင်ငံဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် ကိုယ်စားလှယ်များနှင့် တီမောလက်စတေနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

           အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် စင်ကာပူနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ မူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် ကျွမ်းကျင်ပညာရှင်များက   မူပိုင်ခွင့်ဥပဒေများနှင့် နိုင်ငံတကာသဘောတူစာချုပ်များ၊ မူပိုင် ခွင့်ဆိုင်ရာအခြေခံစည်းမျဉ်းများ၊ မူပိုင်ခွင့်အရေးယူဆောင်ရွက်မှုဆိုင်ရာ ဉာဏ်ရည်တု နည်းပညာ နယ်ပယ်ဖွံဖြိုးတိုးတက်မှုများနှင့် အကျိုးသက်ရောက်မှုများ၊ မူပိုင်ခွင့်များကို အကာအကွယ်ပေး သောအပြည်ပြည်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်များ၊ စင်ကာပူနိုင်ငံနှင့် ဂျပန်နိုင်ငံများရှိ မူပိုင်ခွင့် နှင့် စပ်လျဉ်းသော နယ်စပ်ဖြတ်ကျော်မှုများကာကွယ်မှုနှင့်သက်ဆိုင်သော အတွေ့အကြုံများ၊ မူပိုင်ခွင့် ဆိုင်ရာတရားမကြောင်းနှင့် ပြစ်မှုကြောင်းအရ အရေးယူဆောင်ရွက်မှုများကို Case Study များဖြင့် ရှင်းလင်းဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့်ကိုယ်စားလှယ်များက မိမိတို့နိုင်ငံ၏ မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ ဥပဒေစနစ်များ၊ အရေးယူဆောင်ရွက်မှုနည်းလမ်းများ၊ လုပ်ငန်းစဉ်များနှင့် အတွေ့အကြုံများကိုတင်ပြ၍ ဆွေးနွေးဖလှယ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။