FAO ၏ စားသောက်ကုန်ဈေးနှုန်းညွှန်းကိန်း ဇူလိုင်လတွင် အနည်းငယ် မြင့်တက်လာခဲ့
ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်း၏ စံညွှန်းကိန်းဖြစ်သော FAO ညွှန်းကိန်းသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တွင် ၁၃၀.၁ သို့ရောက်ရှိခဲ့ပြီး ဇွန်လကထက် ၁.၆ % မြင့်မားလာကာ အဓိကအားဖြင့် အသားနှင့် ဟင်းသီးဟင်းရွက်ဆီများ၏ နိုင်ငံတကာဈေးနှုန်း မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း၊ အဆိုပါ ညွှန်းကိန်းသည် ၂၀၂၂ ခုနှစ်၊ မတ်လက စံချိန်တင်မြင့်တက်ခဲ့သည့် ညွှန်းကိန်းထက် ၁၈.၈ % လျော့နည်းနေပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက ၇.၆ % ပိုများကြောင်း FAO မှ ထုတ်ပြန်ခဲ့ပါသည်။
ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းညွှန်းကိန်းသည် ကမ္ဘာတစ်ဝန်းတွင် ရောင်းဝယ်ဖောက်ကားနေသည့် စားသောက်ကုန်ဈေးနှုန်းများ လစဉ်ပြောင်းလဲမှုကို ခြေရာခံခြင်းဖြစ်ပြီး ဇူလိုင်လတွင် ကောက်ပဲသီးနှံ၊ နို့ထွက်ပစ္စည်းနှင့် သကြားညွှန်းကိန်းများ ကျဆင်းခြင်းထက် အသားနှင့် ဟင်းရွက်ဆီညွှန်းကိန်းများ မြင့်တက်ခြင်းက ပို၍အားသာခဲ့ကြောင်း ဖော်ပြထားပါသည်။
ကောက်ပဲသီးနှံဈေးနှုန်းညွှန်းကိန်း
ဇူလိုင်လ ညွှန်းကိန်းသည် ၁၀၆.၅ ဖြစ်ကာ ဇွန်လကထက် ၀.၈ % လျော့နည်းခဲ့ကြောင်း၊ ပြောင်းနှင့် မုယောစပါးဈေးတက်ခြင်းထက် ဂျုံနှင့် နှံစားပြောင်း ဈေးကျဆင်းခြင်းက သာလွန်ကြောင်း၊ ဆန် ပို့ကုန်အတွက် လုံလောက်မှုရှိသော်လည်း ဝယ်လိုအားလျော့နည်းခြင်းကြောင့် ဈေးနှုန်းညွှန်းကိန်းမှာ ၁.၈ % ကျဆင်းကြောင်း ဖော်ပြထားပါသည်။
ဟင်းရွက်ဆီဈေးနှုန်းညွှန်းကိန်း
ဇူလိုင်လညွှန်းကိန်းသည် ၁၆၆.၈ ဖြစ်ကာ ဇွန်လထက် ၇.၁ % မြင့်တက်ခဲ့ပြီး ၃ နှစ်အတွင်း အမြင့်ဆုံးဖြစ်ကြောင်း၊ စားအုန်းဆီ၊ ပဲပုပ်ဆီနှင့် နေကြာဆီ ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ စားအုန်းဆီသည် ကမ္ဘာတစ်ဝန်း ဝယ်လိုအားမြင့်မားလာခြင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုကောင်းမွန်လာခြင်း၊ ပဲပုပ်ဆီသည် အမေရိကရှိ ဇီဝလောင်စာလုပ်ငန်းမှ ဝယ်လိုအားမြင့်တက်မည်ဟု မျှော်မှန်းကြခြင်း၊ နေကြာဆီသည် ပင်လယ်နက်ဒေသများမှ တင်ပို့မှုတင်းကြပ်ခြင်းတို့ကြောင့် ဟင်းရွက်ဆီ ဈေးနှုန်းညွှန်းကိန်းတက်ခဲ့ကြောင်း၊ သို့သော် ဥရောပတွင် သီးနှံအသစ်များ ပေါ်လာသဖြင့် မုန်ညင်းဆီဈေးနှုန်း ကျဆင်းခဲ့ကြောင်းဖော်ပြထားပါသည်။
အသားဈေးနှုန်းညွှန်းကိန်း
ဇူလိုင်လညွှန်းကိန်းသည် ၁၂၇.၃ ဖြစ်ကာ ဇွန်လကထက် ၁.၂ % မြင့်တက်ခဲ့ပြီး သမိုင်းတစ်လျှောက်အမြင့်ဆုံးဖြစ်ကြောင်း၊ အဓိကအကြောင်းမှာ တရုတ်နှင့် အမေရိကန်တို့မှ နွားနှင့်သိုး ဝယ်လိုအားမြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ဘရာဇီး၏ ကြက်၊ ငှက်တုပ်ကွေးရောဂါ ကင်းစင်သည့်အခြေအနေကို ပြန်လည်ရရှိပြီးနောက် ကုန်သွယ်ဘက်နိုင်ငံများမှ ပြန်လည်ဝယ်ယူကြသဖြင့် ကြက်သားဈေးလည်း အနည်းငယ်တက်ခဲ့ကြောင်း၊ သို့သော် ဝက်သားဈေးသည် ရောင်းလိုအားလုံလောက်သော်လည်း အဓိက ဝယ်လက် ဥရောပသမဂ္ဂ၏ ဝယ်လိုအားကျဆင်းခြင်းကြောင့် ဈေးကျခဲ့ကြောင်း ဖော်ပြထားပါသည်။
နို့ထွက်ပစ္စည်း ဈေးနှုန်းညွှန်းကိန်း
ဇူလိုင်လညွှန်းကိန်း ၁၅၅.၃ သည် ဇွန်လကထက် ၀.၁% ကျဆင်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ နောက်ပိုင်း ပထမဆုံးအကြိမ် ဈေးကျခဲ့ခြင်းဖြစ်ကြောင်း၊ ပို့ကုန်အတွက် လုံလောက်မှုရှိသော်လည်း အထူးသဖြင့် အာရှမှ ဝယ်လိုအားလျော့နည်းခဲ့ခြင်းကြောင့် ထောပတ်နှင့် နို့မှုန့်ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊ သို့သော် ဒိန်ခဲဈေးနှုန်းသည် အာရှနှင့် အရှေ့ဖျားဒေသများမှ ဝယ်လိုအားများလာခြင်းနှင့် ဥရောပသမဂ္ဂမှ ပို့ကုန်အပေါ် တင်းကျပ်မှုများကြောင့် ဈေးတက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
သကြားဈေးနှုန်းညွှန်းကိန်း
ဇူလိုင်လ ညွှန်းကိန်း ၁၀၃.၃ သည် ဇွန်လကထက် ၀.၂ % ကျဆင်းခဲ့ကာ ၅ လ ဆက်တိုက် ကျဆင်းနေကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့သကြားထုတ်လုပ်မှုသည် ပြန်လည်ကောင်းမွန်မည်ဟု မျှော်လင့်ရပြီး အထူးသဖြင့် ဘရာဇီး၊ အိန္ဒိယနှင့် ထိုင်းတို့တွင် ထုတ်လုပ်မှုတိုးတက်ကာ ကမ္ဘာ့သကြားတင်သွင်းမှု ပြန်လည်မြင့်တက်လာနိုင်သဖြင့် ဈေးနှုန်းအပေါ်အကျိုးသက်ရောက်နိုင်ကြောင်း ဖော်ပြထားပါသည်။
ရင်းမြစ်။ https://www.fao.org/newsroom/detail