အကောက်ခွန်နှုန်းများ မတိုးမြှင့်မီ သွင်းကုန်များတိုးမြှင့်တင်သွင်းခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်၏ ကုန်စည်ကုန်သွယ်ရေးညွှန်းကိန်း အတက်ပြခဲ့

 

အကောက်ခွန်နှုန်းများတိုးမြှင့်မည်ကို စိုးရိမ်သော သွင်းကုန်လုပ်ငန်းရှင်များ၏ ကြိုတင်တင်သွင်းမှုများကြောင့် ၂၀၂၅ ခုနှစ်၊ အစောပိုင်း ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုသည် သိသာစွာမြင့်တက်ခဲ့သော်လည်း ပို့ကုန်အမှာစာများ ကျဆင်းမှုကြောင့် ယင်းတိုးတက်မှုသည် ရေရှည်မဟုတ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကုန်စည်ကုန်သွယ်ရေး ညွှန်းကိန်း (WTO Goods Trade Barometer) က ဖော်ပြနေပါသည်။ 

(ကုန်စည်ကုန်သွယ်ရေးညွှန်းကိန်း - Goods Trade Barometer ဆိုသည်မှာ ကမ္ဘာ့ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ ကုန်စည်ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် တိုးတက်ဖြစ်ပေါ်မှုများကို အချိန်နှင့်တပြေးညီ ပေါင်းစုဖော်ပြထားသော ဦးဆောင်ညွှန်းကိန်းတစ်မျိုးဖြစ်ပါသည်။ ၁၀၀ အထက်ညွှန်းကိန်းတန်ဖိုးက ကမ္ဘာ့ကုန်သွယ်မှုပမာဏသည် အတက်ဘက်သို့ ရောက်နေကြောင်းဖော်ပြပြီး ၁၀၀ အောက် ညွှန်းကိန်းတန်ဖိုးကကမ္ဘာ့ကုန်သွယ်မှုကျဆင်းခြင်း (သို့မဟုတ်) မကြာမီကျဆင်းမည်ဟုဖော်ပြခြင်း ဖြစ်ပါသည်။)

လက်ရှိကုန်စည်ကုန်သွယ်မှုညွှန်းကိန်း ၁၀၃.၅ သည် ပြီးခဲ့သည့် ၃ လတစ်ကြိမ် ကုန်သွယ်မှုပမာဏ ညွှန်းကိန်းများနှင့် အခြေခံညွှန်းကိန်းတန်ဖိုး ၁၀၀ထက်လည်းမြင့်မားနေပြီး ပို့ကုန်အမှာစာ ညွှန်းကိန်းကမူ ပြီးခဲ့သည့်နှစ်ကထက် လျော့နည်း၍ ၉၇.၉ သို့ကျဆင်းခဲ့ကြောင်း၊ လာမည့်လများတွင် ကုမ္ပဏီများ၏ ကြိုတင်တင်သွင်းခဲ့မှုများကြောင့် ကုန်စည်လက်ကျန်ထဲမှ အသုံးပြုကာ သွင်းကုန် လျှော့ချတင်သွင်းမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

ပို့ကုန်အမှာစာညွှန်းကိန်း ၉၇.၉ သည် အခြေခံညွှန်းကိန်းတန်ဖိုး ၁၀၀ ထက် လျော့နည်းနေရာ ယခုနှစ် နှောင်းပိုင်းကုန်သွယ်မှုသည် ကျဆင်းနိုင်ကြောင်း၊ သို့သော် ကုန်စည်ကုန်သွယ်မှုညွှန်းကိန်း၏ အခြား အစိတ်အပိုင်းများကမူ ကုန်သွယ်မှုလမ်းကြောင်းအထက်တွင်ရှိကြောင်း ဖော်ပြထားပါသည်။ လေကြောင်း ကုန်စည်ပို့ဆောင်မှု ညွှန်းကိန်း (၁၀၄.၃) နှင့် ကွန်တိန်နာများဖြင့် သယ်ယူပို့ဆောင်မှုညွှန်းကိန်း (၁၀၇.၁) တို့သည် ကုန်စည်သယ်ယူပို့ဆောင်မှု တိုးတက်ကြောင်းပြသခဲ့ပါသည်။ မော်တော်ကား အစိတ်အပိုင်း ထုတ်လုပ်မှုညွှန်းကိန်း (၁၀၅.၃) သည်လည်း ကုန်သွယ်မှုလမ်းကြောင်းအထက်တွင် ရှိသောကြောင့် မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ရောင်းချမှု ဆက်လက်ကောင်းမွန်နေကြောင်း ပြသပါ သည်။ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များက ကျဆင်းခဲ့သော လျှပ်စစ်ပစ္စည်းထုတ်လုပ်မှုသည် ယခုနှစ်တွင် ညွှန်းကိန်း (၁၀၂.၈) ဖြင့် ကုန်သွယ်မှုလမ်းကြောင်းအထက်တွင်ရှိကြောင်း တွေ့ရှိရပါသည်။ ကုန်ကြမ်းပစ္စည်းညွှန်းကိန်း အခြေခံညွှန်းကိန်းအထက်တွင် (၁၀၀.၈) ဖြင့် ရပ်တည်နေပါသည်။

၂၀၂၄ ခုနှစ်၊ စတုတ္ထ ၃ လပတ်တွင် အလယ်အလတ်နှုန်းဖြင့် တိုးတက်ခဲ့သော ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်တွင် ပြန်လည်တိုးတက်ခဲ့ကြောင်း ကုန်စည်ကုန်သွယ်မှုညွှန်းကိန်းနှင့် ယာယီကုန်သွယ်မှုအချက်အလက်များအရ သိရှိရပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့မှ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့က ထုတ်ဝေခဲ့သော “ကမ္ဘာ့ကုန်သွယ်မှုအလားအလာနှင့် စာရင်းဇယားများ အစီရင်ခံစာ” အရ အကောက်ခွန်နှုန်း အနိမ့်ဖြင့် ဆက်လက်ကောက်ခံသည့် ၂၀၂၅ ခုနှစ်၊ အစပိုင်းတွင် ကုန်သွယ်မှုတိုးတက်နှုန်းသည် ၂.၇% ရှိပြီး အကောက်ခွန်အသစ်များစတင်ကျင့်သုံးမည့် ဧပြီလလယ်မှစ၍ -၀.၂ % ကျဆင်းမည်ဖြစ်ကြောင်း၊ အမေရိကန် - တရုတ်နှင့် အမေရိကန် - ဗြိတိန် ကုန်သွယ်မှုသဘောတူညီချက်များ ရရှိခဲ့သော်လည်း စတီးနှင့် အလူမီနီယံတို့အပေါ်  အကောက်ခွန်နှုန်းများ ဆက်လက်မြင့်မားဆဲဖြစ်သောကြောင့် ကုန်သွယ်မှု ခန့်မှန်းချက်များသည် တိုးတက်မှုနှင့် ကျဆင်းမှုကြား ၀.၁% လောက်သာကွာဟနိုင်ကြောင်း၊ သို့သော် အမေရိကန်အနေဖြင့် တန်ပြန်အကောက်ခွန်မူဝါဒကို ပြန်လည်အသက်သွင်းပြီး ကမ္ဘာနှင့် အဝန်း ကုန်သွယ်ရေးမူဝါဒများ မတည်ငြိမ်ဖြစ်ပါက ကုန်သွယ်မှုကျဆင်းခြင်းက ပိုမိုဖြစ်နိုင်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှခန့်မှန်းထားပါသည်။

Source :www.wto.org