အသားနှင့်နို့ တိုးမြှင့်ရောင်းချနိုင်ရန် ကျွဲ၊ နွားအရှင် တင်သွင်းခွင့်ကန့်သတ်ချက်ကို ဖယ်ရှားလိုက်သည့် အင်ဒိုနီးရှား

 

အင်ဒိုနီးရှားအစိုးရသည် ပြည်တွင်းစားနပ်ရိက္ခာဖူလုံစေရန်၊ အသားနှင့်နို့ရရှိစေရန် ကျွဲ၊ နွားအရှင်များ တင်သွင်းခွင့် ကိုတာကန့်သတ်ချက်များကို ဖယ်ရှားလိုက်ပြီဖြစ်ပါသည်။ အဆိုပါမူဝါဒကို အင်ဒိုနီးရှား၊ စားနပ်ရိက္ခာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Zulkifli Hasan က မွေးမြူရေးလုပ်ငန်းအား ပံ့ပိုးကူညီရန်နှင့် အများပြည်သူစားသုံးရန် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အပါအဝင် ရည်ရွယ်ချက်အမျိုးမျိုးအတွက် ကျွဲ၊ နွားအရှင်များကို ကိုတာကန့်သတ်ချက်မရှိဘဲ တင်သွင်းခွင့်ပြုထားကြောင်း နို့အာဟာရနေ့ (Nusantara Milk Day 2025တွင် ကြေညာခဲ့ခြင်း ဖြစ်ပါသည်။

ဆက်လက်၍ ဝန်ကြီးက ကန့်သတ်ချက်များကို ဖယ်ရှားခြင်းဖြင့် အစိုးရသည် နိုင်ငံတော်၏ နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးကဏ္ဍကို ထုတ်လုပ်မှုပမာဏတိုးမြှင့်ရန်၊ ထုတ်ကုန်အရည်အသွေးမြှင့်တင်ရန်နှင့် ထောက်ပံ့ရေးကွင်းဆက်၏ ခံနိုင်ရည်အားမြှင့်တင်ရန် ရည်မှန်းကြောင်း ပြောကြားခဲ့ပြီး မူဝါဒ၏ အသေးစိတ်အချက် အလက်များကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။

လယ်ယာစိုက်ပျိုးရေးဒုတိယ၀န်ကြီး Sudaryono က အင်ဒိုနီးရှားသည် လာမည့်ငါးနှစ်အတွင်း နို့စားနွားကောင်ရေ ၁.၂ သန်းအပါအ၀င် ကျွဲ၊ နွားအရှင် ၂ သန်းကိုတင်သွင်းရန် စီစဉ်နေကြောင်း ပြောကြားခဲ့ပြီး ယခုနှစ်တစ်နှစ်တည်းတွင်ပင် ကောင်ရေ ၂ သိန်းခွဲတင်သွင်းရန် ရည်မှန်းထားကြောင်း၊ ၎င်းတို့ကို ရင်းနှီးမြှုပ်နှံမှုအဖြစ် သဘောထားကာ နိုင်ငံတော်ဘဏ္ဍာငွေမှ ဝယ်ယူမည်မဟုတ်ကြောင်း၊ အစိုးရက ပြည်တွင်းလုပ်ငန်းရှင်များ၊ သမဝါယမများ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့် နိုင်ငံခြားကုမ္ပဏီများကို နွားမွေးမြူရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန်အားပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ပြည်တွင်းနို့ထွက်ပစ္စည်းထုတ်လုပ်ရေးကဏ္ဍ အားကောင်းစေရန် မတ်လအတွင်း နို့စားနွားကောင်ရေ ၁၂၅၀ ကို သြစတြေးလျမှ ရင်းနှီးမြှုပ်နှံမှုအဖြစ် တင်သွင်းခဲ့ပါသည်။ 

ရင်းမြစ်။        https://en.antaranews.com