အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)နှင့် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တို့မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား မူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများ သွားရောက်ဟောပြောဆွေးနွေးခဲ့

နေပြည်တော်၊ မတ်လ ၅ ရက်
   တီထွင်ဖန်တီးမှုမြှင့်တင်နိုင်ရေး၊ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုအထောက်အကူပြုလုပ်ငန်းများ အကောင်အထည်ဖော်‌နိုင်ရေးအတွက် မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့ နံနက်ပိုင်း၌ ကျောက်ဆည်မြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)တွင်လည်းကောင်း၊ နေ့လယ်ပိုင်း၌ နည်းပညာတက္ကသိုလ်(ကျောက်ဆည်) တွင်လည်းကောင်း ဟောပြောဆွေးနွေးခဲ့သည်။
   အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)မှ ကျောင်းအုပ်ကြီးဒေါက်တာမျိုးသူ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူ များနှင့် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ တာဝန်ခံပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ စုစုပေါင်း (၈၂၄)ဦး ခန့်တက်ရောက်ကြသည်။ 
   ဆွေးနွေးပွဲများတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာ ပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မူပိုင်ခွင့်အသိပညာများ၊ မူပိုင် ခွင့်အကျိုးကျေးဇူးများကို သိရှိနိုင်စေရန် သက်ဆိုင်ရာကဏ္ဍများအား မူပိုင်ခွင့်အသိပညာဖြန့် ဝေပေးလျက်ရှိရာ တက္ကသိုလ်၊ ကောလိပ်များ၊ သုတေသနဌာနများလည်း ပါဝင်ပါကြောင်း၊ ယခုလို တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တက္ကသိုလ်များ၊ သုတေသနဌာနများ မှ တီထွင်ဖန်တီးမှုများကို ဖော်ထုတ်နိုင်မည့်အပြင် နည်းပညာများလွှဲပြောင်းရယူနိုင်မည်ဖြစ်ပြီး အသစ်အသစ်သောတီထွင်ဖန်တီးမှုများပေါ်ထွက်လာနိုင်မှာဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဥပဒေ (၄)ရပ်ဖြစ်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင် ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို ၂၀၁၉ ခုနှစ်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အာဏာသက်ဝင်နိုင်ခဲ့ပြီဖြစ်၍မူပိုင်ခွင့်လျှောက်ထားခြင်းများကိုလည်း လက်ခံဆောင်ရွက်လျက် ရှိပါကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် တီထွင်ဖန်တီးမှု၊ နည်းပညာများ အားကောင်းသောနိုင်ငံများသည် ကမ္ဘာပေါ်တွင် ရှေ့တန်းမှဦးဆောင်သောနိုင်ငံများအဖြစ် ရပ်တည်လျက်ရှိပေရာ တီထွင်မှုများနှင့် ဆက်စပ်လျက်ရှိသော တက္ကသိုလ်၊ ကောလိပ်၊ သုတေသနဌာနများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာအရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ မူပိုင်ခွင့်စနစ်ဖော်ဆောင်ရေးတွင် လွန်စွာအရေးပါလျက်ရှိသော တီထွင်ဆန်းသစ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံစီးပွား‌ရေးကို အထောက်အကူပြုနိုင်မှာဖြစ် ပါကြောင်း အမှာစကားပြောကြားခဲ့ပြီး၊ မူပိုင်ခွင့်အကြောင်းသိကောင်းစရာများ၊ တီထွင်ဆန်းသစ်မှုများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာနှင့်တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာများ(TISCs)နှင့်စပ်လျဉ်းသည့် သိကောင်းစရာများ၊ သက်ဆိုင်ရာ တက္ကသိုလ်နှင့် နားလည်မှုစာချွန်လွှာ(MOU)များ ရေးထိုးနိုင်ရေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
   ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအေးသီရိဝေက ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်အကြောင်းသိကောင်းစရာများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးလင်းအောင်ဆွေက တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲများသို့ တက်ရောက် လာသူများက သိရှိလိုသည်များအား မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။