၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု ၂၀ % ကျော် ကျဆင်းနိုင်ကြောင်း ထိုင်း စီးပွား/ကူးသန်းဝန်ကြီးဌာန ခန့်မှန်း
ယခုနှစ်အတွင်း ထိုင်းဆန်တင်ပို့မှုသည် ၂၄ % ကျဆင်းပြီး မက်ထရစ်တန် ၇.၅ သန်းသာ တင်ပို့နိုင်မည်ဖြစ်ကြောင်း ထိုင်း စီးပွား/ကူးသန်းဝန်ကြီးဌာနကို ကိုးကားလျက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားပါသည်။
အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှု ပြန်လည်စတင်နေခြင်းနှင့် အခြားဆန်ထုတ်လုပ်သည့်နိုင်ငံများမှ တိုးမြှင့်ထုတ်လုပ်မှုများကြောင့် ထိုင်းဆန်တင်ပို့မှုကျဆင်းမည်ဟု ခန့်မှန်းခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံခြားကုန်သွယ်မှုဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ပြီး မိုးခေါင်ရေရှားမှု လျော့နည်းလာခြင်းနှင့် အဓိကဝယ်လက် အင်ဒိုနီးရှားမှ ဝယ်လိုအားကျဆင်းမှုကြောင့်ဟု ဝန်ကြီးဌာနက ဆိုသည်။
အိန္ဒိယပြီးလျှင် ကမ္ဘာ့ဒုတိယအများဆုံး ဆန်တင်ပို့သည့် ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ဆန်တန်ချိန် ၉.၉၅ သန်း တင်ပို့ခဲ့ပြီး အဆိုပါပမာဏသည် ၆ နှစ်အတွင်း အများဆုံးနှင့် ပြီးခဲ့သည့်နှစ်ကထက် ၁၃.၄ % တိုးမြှင့်တင်ပို့နိုင်ခဲ့ကြောင်း၊ ဒီဇင်ဘာလအတွင်း တင်ပို့မှုသည် ပြီးခဲ့သည့်နှစ်ကထက် ၇.၁ % ကျဆင်းခဲ့ကြောင်း၊ အိန္ဒိယမှ ယှဉ်ပြိုင်မှုတိုးမြှင့်လာခြင်းနှင့် အင်ဒိုနီးရှားမှ ဝယ်လိုအား ကျဆင်းခြင်းတို့ကြောင့် ယခုနှစ်အတွင်း မက်ထရစ်တန် ၇.၅ သန်းသာ တင်ပို့နိုင်မည်ဖြစ်ကြောင်း ထိုင်းဆန်တင်ပို့သူများအသင်းက ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။
ရင်းမြစ်။ www.bangkokpost.com