China- ASEAN Sugar Expo 2023 သို့ မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ ပါဝင်ပြသရန်ဖိတ်ကြား
China – ASEAN Sugar Expo 2023 ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Nanning International Convention and Exhibition Center ၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှလုပ်ငန်းရှင်များမှ ပြခန်းများ ပါဝင် ပြသရန် ဖိတ်ကြားလာပါသည်။
ကုန်စည်ပြပွဲ ကျင်းပပြုလုပ်ခြင်းမှာ သကြားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြည်တွင်းနှင့် နိုင်ငံတကာရှိ သကြားလုပ်ငန်းနှင့် အခြားဆက်စပ်လုပ်ငန်းများအကြား စီးပွားရေးချိတ်ဆက်မှုကို မြှင့်တင်ပေးရန်နှင့် သကြားနှင့် ဆက်စပ်သောထုတ်ကုန်များနှင့် ကုန်ကြမ်းများ ဝယ်ယူမှုတို့ကို လွယ်ကူချောမွေ့စေရန်ဖြစ်ပါသည်။
ပြပွဲအကျယ်အဝန်းမှာ ၃၀၀၀၀ စတုရန်းမီတာရှိပြီး ပုံမှန် ပြခန်းတစ်ခန်းလျှင် ယွမ်(၇,၀၀၀)နှင့် (၃၆) စတုရန်းမီတာနှင့်အထက်ကို တစ်စတုရန်းမီတာလျှင် ယွမ် (၇၀၀) ကျသင့်မည်ဖြစ်သည်။ အာဆီယံနိုင်ငံများအတွက် (၃)မီတာပတ်လည် ပုံမှန်ပြခန်း (၄)ခန်း (သို့မဟုတ်) (၃၆) စတုရန်းမီတာ အကျယ်အဝန်းကို အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ပြီး လိုအပ်ပါက ပုံမှန်ပြခန်းတစ်ခန်းလျှင် ယွမ်(၂,၅၀၀) နှင့် (၃၆) စတုရန်းမီတာ အထက်ကို တစ်စတုရန်းမီတာလျှင် ယွမ် (၂၅၀) ဖြင့် ဈေးနှုန်းလျှော့ပေါ့ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲသို့ ပြည်တွင်းနှင့် နိုင်ငံတကာမှ ထင်ရှားသည့် သကြားနှင့် ဆက်စပ်လုပ်ငန်းရှင်များ ပါဝင်ပြသမည်ဖြစ်သည်။ ပြပွဲ၌ စားသုံးနိုင်သောသကြား၊ သကြားထုတ်လုပ်ခြင်းနှင့် ထုတ်ပိုးမှုဆိုင်ရာကိရိယာများအား တရုတ်၊ ဘရာဇီး၊ ထိုင်းနှင့် ရုရှားတို့ကဲ့သို့သော သကြားအဓိက ထုတ်လုပ်သည့်နိုင်ငံများမှ ပြသမည်ဖြစ်ပြီး သကြားနှင့် ဆက်စပ်သော အစားအစာများ၊ ကော်ဖီစေ့များ၊ သစ်သီးများ၊ သစ်သီးဖျော်ရည်ကုန်ကြမ်းများ၊ အုန်းရေ၊ ဟင်းရွက်ဆီများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ အရှေ့တောင်အာရှမှ ဆန်ကွဲနှင့် ပဲများ ကဲ့သို့သော ကုန်ကြမ်းပစ္စည်းများ ပါဝင်ပြသကြမည်ဖြစ်သည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် moctradefair@myantrade.gov.mm ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိရပါသည်။