ကာလရှည်ကြာ ဈေးကျပြီးနောက် ပြန်လည်ဦးမော့လာသည့် ဗီယက်နမ်ဆန်ဈေး

 

ဗီယက်နမ်စားသောက်ကုန်အသင်း (Vietnam Food Association-VFA) ၏ အဆိုအရ ဗီယက်နမ် စံပယ်ရနံ့ဆန်သည် လက်ရှိတွင် တစ်တန်လျှင် ၅၁၃ ဒေါ်လာမှ ၅၁၇ ဒေါ်လာဈေးရှိပြီး၊ ၂၀၂၆ ခုနှစ်၊ ဧပြီလပေါက်ဈေးထက် အမေရိကန်ဒေါ်လာ ၃၀ ခန့် မြင့်တက်လာကြောင်း၊ အလားတူ ဆန်ကွဲ ၅ % ပါ ဆန်မွှေး တစ်တန်လျှင် ၅၁၀ ဒေါ်လာမှ ၅၂၀ ဒေါ်လာအထိ ဈေးပေါက်ပြီး၂၅ ဒေါ်လာမှ ၃၀ ထိ ဈေးတက်ခဲ့ကြောင်း သိရှိရပါသည်။ 

ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ဆန်ကွဲ ၅ % ပါ ဗီယက်နမ်ဆန် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ နီးပါး မြင့်တက်ခဲ့ပြီး ၂၅ % မြင့်တက်ခဲ့ကြောင်း၊ ဆန်ကွဲ ၁၀၀%   နှင့် ဆန်ကွဲ ၂၅ % ပါ ဆန်ဈေးများမှာ ၁၅ % ခန့် အသီးသီးမြင့်တက်ခဲ့ကြောင်း၊ မေလအတွင်း မဲခေါင်ဒေသစပါးနှင့် ဆန်ဈေးသည်  ဧပြီလနှင့်ယှဉ်ပါက ၁ ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၂၀၀ မှ ၃၀၀ ထိ မြင့်တက်ခဲ့ကြောင်း၊ သို့သော် အမျိုးအစားအလိုက် ဗီယက်နမ်ဒေါင် ၅၀၀ အထိ မြင့်တက်မှုများရှိကြောင်း သိရှိရပါသည်။

ဗီယက်နမ်စားသောက်ကုန်အသင်း (VFA) က ဆန်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရန် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအား တရုတ်၊ ဖိလစ်ပိုင်တို့နှင့် အပြန်အလှန်သွားရောက်လည်ပတ်ရန် တိုက်တွန်းထားကြောင်း၊ တချိန်တည်းမှာပင် ဗီယက်နမ် ဆန်ပို့ကုန်အတွက် အလားအလာကောင်းသော အာဖရိကဈေးကွက်ကဲ့သို့ ဈေးကွက်သစ်များလည်း ထိုးဖောက်သင့်ကြောင်း အကြံပြုခဲ့သည်။ ထို့ပြင် သင်္ဘောလိုင်းများနှင့်ပူးပေါင်း၍ ဆန်တင်ပို့မှု သယ်ယူပို့ဆောင်ရေးခရီးစဉ်များ တည်ငြိမ်စေရန်နှင့် ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းများ လျှော့ချရန် တိုက်တွန်းထားကြောင်း Saigon News တွင် ဖော်ပြထားပါသည်။

ရင်းမြစ်။        https://en.sggp.org.vn/