အာဖရိကနိုင်ငံပေါင်း ၅၃ နိုင်ငံအပေါ် တရုတ်မှ အကောက်ခွန်ကင်းလွတ်ခွင့်ပေးမှုအား ကုလသမဂ္ဂအရာရှိ ကြိုဆို
ကမ္ဘာတစ်ဝန်း အမျိုးသားအကျိုးစီးပွားကာကွယ်ရေးမူဝါဒများ ကျင့်သုံးနေသည့်ကြားမှ တရုတ်နိုင်ငံသည် ၎င်းနှင့်သံတမန်အဆက်အသွယ်ရှိသော အာဖရိက ၅၃ နိုင်ငံအတွက် အကောက်ခွန်ကင်းလွတ်ခွင့် (Zero-tariff) ကို ပြီးခဲ့သည့် သောကြာနေ့က ပေးအပ်ခဲ့ရာ အဆိုပါ ဆုံးဖြတ်ချက်ကြောင့် နှစ်ဖက်နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ ကြိုဆိုကြောင်း၊ ကုလသမဂ္ဂ၊ အာဖရိကဆိုင်ရာ စီးပွားရေးကော်မရှင်မှ စီမံကိန်းစီမံခန့်ခွဲမှု အရာရှိ Batanai Clemence Chikwene က Xinhua သို့ ပြောကြားခဲ့သည်။
ယခုဆုံးဖြတ်ချက်သည် လူဦးရေ ၁ ဘီလီယံကျော်ရှိသော၊ တည်ငြိမ်သော မူဝါဒများရှိသည့် တရုတ်ဈေးကွက်သို့ အာဖရိကထုတ်ကုန်များ ဝင်ရောက်ခွင့်ရရှိကာ ဆင်းရဲတွင်းမှလွတ်မြောက်ပြီး သာယာဝပြောသော လမ်းကြောင်းပေါ်သို့ အာဖရိကနိုင်ငံများ လျှောက်လှမ်းနိုင်ရေး ကူညီပေးလိုသော တရုတ်နိုင်ငံ၏ ဆန္ဒကို ပြသနေခြင်းဖြစ်ကြောင်း၊ တရုတ်သည် ဈေးကွက်အတားအဆီးများကို လျှော့ချပေးခဲ့သဖြင့် အာဖရိကနိုင်ငံများအတွင်း ယခင်တင်ပို့နေကျ ဈေးကွက်များနှင့် မတူဘဲ ပိုမိုတည်ငြိမ်သော တရုတ်ဈေးကွက်ကို ရရှိပြီဖြစ်ကြောင်း၊ အာဖရိကပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အကောက်ခွန်တိုးမြှင့်ခြင်း သို့မဟုတ် မျှော်လင့်မထားသော စည်းကမ်းချက်အသစ်များ ချမှတ်ခံရခြင်းတို့ကို ရင်ဆိုင်ရမည်မဟုတ်ကြောင်း UNECA အရာရှိက မှတ်ချက်ပြုခဲ့သည်။
Chikwene ၏အဆိုအရ တရုတ်နိုင်ငံသည် အာဖရိက၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သည်နှင့်အညီ နှစ်ဘက်စီးပွားရေးလုပ်ငန်းများအကြား ခိုင်မာသော ဆက်နွှယ်မှုများရှိနှင့်ပြီးသားဖြစ်ကြောင်း၊ မူဝါဒအသစ်ကြောင့် အာဖရိကကုန်သည်များအတွက် တရုတ်၌ ပို့ကုန်အခြေစိုက်စခန်းတစ်ခုတည်ထောင်နိုင်ရန် ပိုမိုအဆင်ပြေချောမွေ့စေမည်ဖြစ်ကြောင်း၊ အာဖရိကအစိုးရများကလည်း အထောက်အကူပြု မူဝါဒများချမှတ်ပေးရန် လိုအပ်သကဲ့သို့၊ အာဖရိကစီးပွားရေးလုပ်ငန်းများကလည်း သတ်မှတ်ထားသော အရည်အသွေးစံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ကုန်ပစ္စည်းများကိုတင်ပို့ရန် လိုအပ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့ပါသည်။
ရင်းမြစ် - Xinhua
