ကမ္ဘာတစ်ဝန်း စိန်ခေါ်မှုများကြားတွင် ပြန်လည်ဦးမော့လာမည့် သီရိလင်္ကာနိုင်ငံ၏ ဆန်စပါး ထုတ်လုပ်မှု

 

အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) ၏ ထုတ်ပြန်ချက်အရ သီရိလင်္ကာနိုင်ငံ၏ ဆန်စပါးကဏ္ဍသည် ၂၀၂၆ - ၂၀၂၇ နှစ်အတွင်း မူလခန့်မှန်းချက် ၃.၂၅ သန်းအစား တန်ချိန် ၃.၄၅ သန်းသို့ တိုးတက်ထွက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ 

ယခုကဲ့သို့ အထွက်တိုးလာခြင်းမှာ စိုက်ပျိုးမြေကို ဟက်တာ ၁.၁၉ သန်းအထိ တိုးချဲ့ခဲ့ခြင်း၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ တိုးချဲ့ရန်ပုံငွေရယူခဲ့ခြင်းနှင့် ပြည်ပရောက်လုပ်သားများ၏ ငွေလွှဲပို့မှုများ မြင့်တက်လာခြင်းတို့ကြောင့် စီးပွားရေးတည်ငြိမ်ကာ စိုက်ပျိုးရေးသွင်းအားစုများနှင့် လောင်စာဆီများကို တင်သွင်းခဲ့ခြင်း၊ ၂၀၂၅ ခုနှစ်၌ ဆိုင်ကလုန်းမုန်တိုင်းဒစ်ဝါကြောင့် ပျက်စီးခဲ့သော စိုက်ခင်းရှင်များအား နစ်နာကြေးပေးခဲ့ခြင်း၊ ဓာတ်မြေဩဇာ ထောက်ပံ့ကြေးပေးခဲ့ခြင်း၊ နိုင်ငံတော်ပိုင် ဆည်မြောင်းများမှတစ်ဆင့် စိုက်ပျိုးရေ အခမဲ့ပေးဝေခြင်းတို့ကြောင့်ဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။ 

သီရိလင်္ကာသည် ပြည်တွင်းစိုက်ပျိုးရေးကဏ္ဍ ပြန်လည်နာလန်ထူရန် ကြိုးပမ်းနေသော်လည်း ကမ္ဘာ့ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့် ထောက်ပံ့ရေးကွင်းဆက် စိန်ခေါ်မှုများ၊ ဓာတ်မြေဩဇာ ဈေးနှုန်းမြင့်တက်မှုများ ကြုံတွေ့နေကြောင်း၊ ထို့ကြောင့် တောင်သူများက မြေဩဇာသုံးစွဲမှုနှုန်းကို လျှော့ချခြင်း သို့မဟုတ် ပြည်တွင်းထုတ်ကုန်များအား အစားထိုးပြောင်းလဲအသုံးပြုခြင်းများ ရှိနိုင်ကြောင်း၊ လက်ရှိတွင် ယူရီးယားနှင့် MOP ၅၀ ကီလိုဂရမ်တစ်အိတ်လျှင် ရူပီး ၉၀၀၀ ခန့်   နှင့် TSP တစ်အိတ်လျှင် ရူပီး ၁၂၀၀၀ အထိ ဈေးတက်နေကြောင်း၊ အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် ရိတ်သိမ်းခြင်းလုပ်ငန်းများအတွက် လောင်စာဆီခွဲဝေမှုသည် လုံလောက်မှုမရှိဟု စိုးရိမ်မှုများမြင့် တက်လျက်ရှိကြောင်း Daily Mirror က ဖော်ပြထားသည်။

တစ်ဖက်တွင် သီရိလင်္ကာနိုင်ငံ၏ ဆန်စားသုံးမှုမှာ ပိုမိုမြင့်တက်လျက်ရှိပြီး ၂၀၂၆ - ၂၀၂၇ ကာလ အတွက် တန်ချိန် စုစုပေါင်း ၃.၄၉ သန်း ခန့်မှန်းထားကြောင်း၊ ပြည်တွင်းထုတ်လုပ်မှု ပြန်လည်ကောင်းမွန်လာပါက ဆန်တင်သွင်းမှုသည် ပြီးခဲ့သည့်နှစ်ကထက် တန်ချိန် ၅ သောင်းခန့် လျော့နည်းပြီး တန် ၁၀၀,၀၀၀ သာရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ဆန်တင်ပို့မှုမှာ တန်ချိန် ၁ သောင်းခန့် သာရှိနိုင်ပြီး ယင်းကလည်း ပြည်ပရောက် သီရိလင်္ကာနိုင်ငံသားများရှိသည့် ဈေးကွက်များသာ ဖြစ်ကြောင်း၊ သီရိလင်္ကာသည် အရှေ့အာရှနိုင်ငံများလောက် ယှဉ်ပြိုင်နိုင်စွမ်းမြင့်သော ဆန်ကို မထုတ်လုပ်နိုင်သေးကြောင်း အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) ၏ အစီရင်ခံစာကို ကိုးကားကာ Daily Mirror တွင် ဖော်ပြထားသည်။

ရင်းမြစ်။        https://www.dailymirror.lk/