ကမ္ဘာ့ဝယ်လိုအားမြင့်တက်လာမှုကြောင့်အင်ဒိုနီးရှားဓာတ်မြေဩဇာတင်ပို့မှုတိုးမြှင့်ရန်ရည်မှန်း

 

အိန္ဒိယ၊ ထိုင်းနှင့် ဘရာဇီးအပါအဝင် နိုင်ငံအချို့က အင်ဒိုနီးရှားယူရီးယား ဓာတ်မြေဩဇာ အနည်းဆုံး တန်ချိန် ၇၅၀,၀၀၀ ဝယ်ယူလိုကြောင်း တရားဝင်အကြောင်းကြားလာသဖြင့် ပို့ကုန်တင်ပို့ရေးလုပ်ငန်းများ ညှိနှိုင်းနေကြောင်း၊ အင်ဒိုနီးရှားသည် တစ်နှစ်လျှင် ယူရီးယားမြေဩဇာ ခန့်မှန်းတန်ချိန် ၇.၈ သန်း ထုတ်လုပ်ပြီး ပြည်တွင်းဝယ်လိုအားမှာ တန်ချိန် ၆ သန်းခန့် ရှိကြောင်း အင်ဒိုနီးရှားစိုက်ပျိုးရေးဝန်ကြီး Andi AmranSulaiman ကပြောကြားခဲ့ပါသည်။

ကမ္ဘာ့မြေဩဇာဝယ်လိုအား မြင့်တက်လာခြင်းသည် အင်ဒိုနီးရှားအတွက် စိုက်ပျိုးရေးပို့ကုန်ချဲ့ထွင်ရန် အခွင့်အလမ်းတစ်ရပ်ဖြစ်သော်လည်း ၎င်း၏ ပို့ကုန်သဘောတူညီချက်တိုင်းတွင် ပြည်တွင်းရိက္ခာ ဖူလုံမှုရှိစေရန်နှင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကိုကာကွယ်ရန် ဦးစားပေးမည်ကို ဖော်ပြသွားမည်ဖြစ်ကြောင်း Sulaiman ကအလေးအနက် ပြောကြားခဲ့ပါသည်။

စာရင်းဇယားများအရ ၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှား၏ စိုက်ပျိုးရေးပို့ကုန်တင်ပို့မှုသည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၉.၆ ဘီလီယံထိ တိုးတက်လာခဲ့ပြီး အဆိုပါကာလ၌ သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံသို့ ကျဆင်းသွားခဲ့သဖြင့် ကုန်သွယ်မှုပိုငွေ သိသိသာသာတိုးတက်ခဲ့ကာ နိုင်ငံ့စိုက်ပျိုးရေးကဏ္ဍ၏ ယှဉ်ပြိုင်နိုင်စွမ်း စဉ်ဆက်မပြတ်တိုးတက်နေခြင်းကို ဖော်ပြခဲ့ပါသည်။

အိန္ဒိယသည် ယခင်ကတည်းက ကမ္ဘာ့မြေဩဇာအများဆုံး တင်သွင်းသည့်နိုင်ငံတွင် ပါဝင်သော်လည်း ယခုအခါတွင် သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီသော အစိမ်းရောင်နည်းလမ်းများကို တက်ကြွစွာ ဖော်ဆောင်လျက်ရှိကြောင်း၊ ပြည်တွင်းရှိဖော့စဖိတ်နှင့် ပိုတက်မြေဩဇာထုတ်လုပ်မှု တည်ငြိမ်စေရန်နှင့် တောင်သူများဈေးနှုန်း အတက်အကျမှကာကွယ်နိုင်ရန် ကုမ္ပဏီများအနေဖြင့် 'အစိမ်းရောင်' အမိုးနီးယားကို ၁၀ နှစ်တာကာလအတွင်းပုံသေဈေးနှုန်းဖြင့် ထောက်ပံ့ပေးရန် နှစ်ရှည်စာချုပ်များလက်မှတ်ရေးထိုးခြင်းတို့ ဆောင်ရွက်ရကြောင်းသိရပါသည်။

တရုတ် - ရုရှား ပူးပေါင်းသုတေသနအဖွဲ့တစ်ခုက အပင်၏ အုပ်မိုးမှုအဆောက်အအုံ Plant Canopy ကို အကောင်းဆုံးညှိနှိုင်းပေးခြင်း (အရွက်များ တည်ရှိပုံကိုပြောင်းလဲပေးခြင်း) ဖြင့် ဆန်စပါး၊ ဂျုံ၊ ပြောင်းနှင့် ပဲပုပ်ကဲ့သို့သောသီးနှံများ၏ အထွက်နှုန်းကို ၃ ပုံ ၁ ပုံခန့်အထိ တိုးမြှင့်နိုင်ကြောင်း တွေ့ရှိခဲ့ပါသည်။ ဤနည်းလမ်းက ကမ္ဘာ့ပူနွေးနိုင်စွမ်းကို ကာဗွန်ဒိုင်အောက်ဆိုဒ်ထက် အဆပေါင်း ၃၀၀ ပိုမိုပြင်းထန်သော နိုက်ထရပ်စ်အောက်ဆိုဒ် (Nitrous Oxide) ထုတ်လွှတ်မှုအား လျှော့ချရန် ကူညီပေးသည်ဟု သိရှိရပါသည်။ ဤနည်းပညာကို တစ်ကမ္ဘာလုံး အကောင်အထည်ဖော်နိုင်ပါက နှစ်စဉ်စားနပ်ရိက္ခာထုတ်လုပ်မှုကို တန်ချိန် ၃၃၆ သန်းတိုးလာစေပြီး လူဦးရေသန်း ၈၀၀ ကိုကျွေးမွေးရန် လုံလောက်မည်ဖြစ်ကာ နိုက်ထရပ်စ်အောက်ဆိုဒ် ထုတ်လွှတ်မှုကို ၄၁.၆ % ထိ လျှော့ချနိုင်မည် ဟု ခန့်မှန်းရကြောင်း သိရှိရပါသည်။ 

ရင်းမြစ်။        https://tvbrics.com/