အမေရိကန်-အီရန်ဆွေးနွေးမှုများနှင့် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်များကို ရင်းနှီးမြှုပ်နှံသူများက စောင့်ကြည့်နေသဖြင့် ဒေါ်လာဈေးမှာတည်ငြိမ်လျက်ရှိ
ငွေကြေးရင်းနှီးမြှုပ်နှံသူများက အရှေ့အလယ်ပိုင်း စစ်ပွဲရပ်တန့်ရန် မျှော်လင့်ချက်နှင့် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်များကို စောင့်ကြည့်နေသဖြင့် ဒေါ်လာဈေးမှာ တည်ငြိမ်လျက်ရှိပါသည်။ ဂျပန်ယန်းသည် အမေရိကန် ၁ ဒေါ်လာလျှင် ၁၆၀ အောက်၌ ဆက်လက်တည်ရှိနေပြီး လေ့လာသုံးသပ်သူများက အမေရိကန်နှင့် အီရန်အကြား နျူကလီးယား သဘောတူညီချက်ရရှိပါက အီရန်အတွက် အပြောင်းအလဲမရှိသော်လည်း အမေရိကန်အတွက် နိုင်ငံရေးအရ နစ်နာနိုင်ကြောင်း၊ ပြီးခဲ့သည့် အတွေ့အကြုံအရ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်မည်ဟု ပြောအပြီး ၂၄ နာရီအတွင်း ပိတ်ပင်လိုက်ခြင်းကြောင့် နောက်ပိုင်းတွင် ဆွေးနွေးမှုရလဒ်များအပေါ် အယုံအကြည်နည်းနေကြကြောင်း Commerzbank မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
မတ်လတွင် မြင့်တက်ခဲ့သော ဒေါ်လာဈေးသည် ယခုလ ငြိမ်းချမ်းရေးဆွေးနွေးမှုများ အောင်မြင်ရန် မျှော်လင့်ချက်များကြောင့် ဈေးကျနိုင်ခြေရှိသော်လည်း အမေရိကန် - အီရန် ဆွေးနွေးပွဲများ ယာယီ ရပ်တန့်မှုများအပြီး ဒေါ်လာဈေး ပြန်လည်တည်ငြိမ်လာခဲ့သည်။
ညှိနှိုင်းမှုများတွင် အီရန်ဘက်မှ စီးပွားရေးပိတ်ဆို့မှုများကို အမြန်ဆုံးရပ်တန့်စေလိုကြောင်း၊ Brent ရေနံစိမ်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၈ အထိ တက်နေကြောင်း၊ အမေရိကန်ဒေါ်လာ ညွှန်းကိန်းသည် အခြားပြိုင်ဘက် ငွေကြေးညွှန်းကိန်းများနှင့် နှိုင်းယှဉ်လျှင် ၀.၁ % ကျဆင်းကြောင်း၊ အမေရိကန်ဗဟိုဘဏ်သည် အတိုးနှုန်းကို လက်ရှိအတိုင်း ဆက်လက်ထားရှိရန် အလားအလာရှိနေကြောင်း၊ ယင်းအခြေအနေသည် ဒေါ်လာဈေးအတွက် အပြုသဘောဆောင်နိုင်ကြောင်း ING ဘဏ်မှ နိုင်ငံခြားငွေလဲလှယ်နှုန်းအကြံပေးသူ Chris Turner က သုံးသပ်ပြောကြားခဲ့သည်။
ဧပြီလအစောပိုင်း အပစ်အခတ်ရပ်စဲရေးကြေညာချက် ထွက်ပေါ်လာပြီးနောက် ယူရိုငွေတန်ဖိုးမှာ ၁ ယူရိုလျှင် အမေရိကန် ၁.၁၅ ဒေါ်လာ မှ ၁.၁၈ ဒေါ်လာထိ ၀.၁၅ % မြင့်တက်ခဲ့သည်။ အမေရိကန်သည် ဥရောပနှင့် ဂျပန်ကဲ့သို့ ရေနံတင်သွင်းမှုကို အဓိကမှီခိုနေရခြင်းမရှိသောကြောင့် ရေနံဈေးနှုန်း မြင့်တက်မှုဆိုးကျိုးကို နည်းပါးစွာ ခံစားနေရပါသည်။ စွမ်းအင်ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ရန် တင်းကျပ်သော ငွေကြေးမူဝါဒကို ကျင့်သုံးနိုင်ကြောင်းနှင့် ဗဟိုဘဏ်ကလည်း ယခုအတိုးနှုန်းကို ဆက်လက်ထားရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
ဂျပန်ဗဟိုဘဏ်ကလည်း အတိုးနှုန်းကို တည်ငြိမ်စေရန် ကြိုးပမ်းနေပြီး ဇွန်လလောက်မှ မြှင့်မည်ဟု ခန့်မှန်းကြောင်း၊ ဂျပန်ယန်းငွေသည် အမေရိကန် ၁ ဒေါ်လာလျှင် ၁၅၉.၁၇ယန်းဖြင့် ၀.၁% မြင့်တက်ခဲ့ကြောင်း၊ လေ့လာသုံးသပ်သူများ ဂျပန်ငွေဈေး ပြန်လည်မြှင့်တင်ရန် အစိုးရမှ ငွေကြေးဈေးကွက်၌ ဝင်ရောက်စွက်ဖက်သင့်ကြောင်း အကြံပြုထားပြီး ငွေကြေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သည့် Allianz Global Investors ကအတိုးနှုန်းပြန်လည်မြှင့်တင်ရေးမှာ ပထဝီနိုင်ငံရေး တည်ငြိမ်မှုအပေါ် မူတည်ကြောင်း၊ ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ပြန်လည်ကူးသန်းသွားလာနိုင်ပါက အတိုးနှုန်းမြှင့်တင်မှုများမှာ လာမည့်နွေရာသီရောက်မှ ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
ရင်းမြစ်။ https://www.thestar.com
