ထိုင်းနှင့် ဗီယက်နမ်ရှိ စပါးစိုက်တောင်သူများက စိုက်ပျိုးမှုကို ရပ်ဆိုင်းနိုင်ခြေရှိ
ဗီယက်နမ်လယ်သမားအချို့သည် ယခုနှစ်တွင် ဒီဇယ်ဈေး ၂ ဆတက်ခြင်းနှင့် အခြားကုန်စည်များ ဈေးတက်ခြင်းတို့ကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် သိသိသာသာ မြင့်မားခဲ့ပြီး ဆန်ဝယ်ဈေးမှာမူ ၂၀၂၅ ခုနှစ်က ဈေးကိုသာပေးသဖြင့် လာမည့်သီးနှံစိုက်ကာလတွင် စပါးစိုက်မည် မထင်ကြောင်း ဗီယက်နမ်လယ်သမား Mr Nguyen Thanh Giang က The Strait Times သို့ ပြောကြားခဲ့သည်။
ထိုင်းဆန်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ Mr Chookiat Ophaswongse က ထိုင်းလယ်သမားများသည်လည်း အလားတူဖိအားများခံစားနေရကြောင်း၊ ထိုင်းနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ဆန် တန်ချိန် ၇ သန်း တင်ပို့ရန် ရည်မှန်းထားသော်လည်း အရှေ့အလယ်ပိုင်း အရေးအခင်းကြောင့် လောင်စာဆီ ဈေးနှုန်းကြီးမြင့်ခြင်းနှင့် စီးပွားရေးမတည်ငြိမ်မှုများက ရောင်းလိုအားတွင် အနှောင့်အယှက်များဖြစ်ခဲ့ကြောင်း၊ အီရတ်သည် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၁ သန်းခန့် ဝယ်ယူခဲ့သော်လည်း ယခုနှစ်တွင် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် လုံးဝမရောင်းချရသေးကြောင်း၊ ထို့ကြောင့် မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စသည့်နိုင်ငံများသို့ အစားထိုးရောင်းချသွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဗီယက်နမ် စားသောက်ကုန်အသင်းဥက္ကဋ္ဌ Mr Do Ha Nam က ဗီယက်နမ်သည် တရုတ်နှင့် ဖိလစ်ပိုင်ကဲ့သို့ အနီးပတ်ဝန်းကျင်ဈေးကွက်များကိုသာ ရောင်းချနေရာ ထိခိုက်မှု မသိသာသေးကြောင်း၊ သို့သော် ဗီယက်နမ်ဆန်တင်ပို့မှုစုစုပေါင်း၏ ၄၀ % ခန့်ဝယ်ယူနေသော ဖိလစ်ပိုင်နိုင်ငံမှာ အရှေ့အလယ်ပိုင်းအရေးကြောင့် ထောက်ပံ့ပို့ဆောင်ရေးစရိတ်များ ကြီးမြင့်နေပြီဖြစ်ရာ ဆန်ဝယ်ဈေးအပေါ် ထိခိုက်လာပါက ဆန်အစားထိုး အခြားသီးနှံစိုက်ပျိုးမှု များပြားလာနိုင်ကြောင်း ပြောကြားခဲ့သည်။
ဗီယက်နမ်ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ Red Wolf Global က ဗီယက်နမ်ဆန်ကို မဲခေါင်မြစ်ဝှမ်းမှ ဟိုချီမင်းဆိပ်ကမ်းသို့ ရေကြောင်းလမ်းဖြင့် သယ်ယူပို့ဆောင်လေ့ရှိပြီး ယခုအခါ သင်္ဘောတင်ခမှာ အာမခံပရီမီယံကြေး၊ ကုန်းတွင်းပိုင်း သယ်ယူပို့ဆောင်စရိတ်များကြောင့် ဆန်တစ်တန်လျှင်၂၅% မှ ၃၅ % တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈၀ Cent မှ ၁.၂ ဒေါ်လာသို့တက်သွားကြောင်း ပြောကြားခဲ့သည်။
ဗီယက်နမ်သည် ၂၀၂၅ ခုနှစ်အတွက် အရန်ဆန် တန်ချိန် ၅ သိန်းနှင့် ၂၀၂၆ ခုနှစ်အတွက် တန်ချိန် ၄ သိန်း ၂သောင်း သတ်မှတ်ထားကြောင်း၊ ယခုကဲ့သို့ အမြတ်အစွန်းနည်းပါးသဖြင့် တောင်သူများက စပါးအစား အခြားသီးနှံစိုက်ပျိုးပါက လာမည့်နှစ်များအတွက် ဆန်ရောင်းလိုအားတွင် သိသိသာသာ အကျိုးသက်ရောက်မည်ဖြစ်ရာ ပြည်တွင်းလိုအပ်ချက်ဖြည့်ဆည်းရန်နှင့် ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် ပို့ကုန်မူဝါဒများကို ချိန်ညှိရန် လိုအပ်ကြောင်း၊ လက်ရှိတွင် ဗီယက်နမ် ဆန်ကွဲ ၅ % ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၀ နှင့် အခြားအထူးဆန်အမျိုးအစားများကို အမေရိကန်ဒေါ်လာ ၆၃၀ ထိရောင်းချနေကြောင်း၊ ခေတ်မီနည်းပညာအသုံးချပါက အလုပ်သမားစရိတ်နှင့် အခြားစရိတ်များ လျှော့ချနိုင်ကြောင်း၊ လယ်သမားများအနေဖြင့် ဆန်ကို လျှော့ထုတ်၍ ဈေးကောင်းဖြင့် ရောင်းချနိုင်မည့် အချိန်ကို စောင့်မည်ဖြစ်ကြောင်း ထိုင်းလယ်သမား Boontham Khlaiphueak က ပြောကြားခဲ့ကြောင်း Asia News Network က ဖော်ပြထားပါသည်။
ရင်းမြစ်။ https://asianews.network/
