အီရန်စစ်ပွဲကြောင့် အာရှနိုင်ငံများတွင် ငွေကြေးတန်ဖိုးကျဆင်းမှုနှင့် ရေနံဈေးနှုန်း မြင့်တက်မှုကို ရင်ဆိုင်နေရ
အာရှရေနံတင်သွင်းမှု၏ ၈၀ % နီးပါးသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ဝယ်ယူနေရသဖြင့် အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွားနေပါက ဧပြီလနှင့်မေလတို့၌ ရေနံပြတ်လပ်မှု ပိုမိုဆိုးရွားလာနိုင်သောကြောင့် အာဏာပိုင်များအနေဖြင့် ဆောလျင်စွာအရေးယူ ဆောင်ရွက်သင့်ကြောင်း Straitstimes သတင်းစာတွင် ဖော်ပြထားသည်။
အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲသည် အာရှနိုင်ငံများအတွက် ကမ္ဘာ့အခြားနိုင်ငံများကဲ့သို့ပင် ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းနှင့် စီးပွားရေးတိုးတက်မှု ကျဆင်းခြင်း စသည့် ဆိုးကျိုးများ ရင်ဆိုင်ကြုံတွေ့လာနိုင်ကြောင်း၊ အာရှငွေကြေးများသည် ကမ္ဘာ့ဈေးကွက်တွင် အကြီးမားဆုံး တန်ဖိုးကျဆင်းမှုကို ရင်ဆိုင်နေရပြီး ယင်းအခြေအနေသည် အာရှဘဏ္ဍာရေး အကျပ်အတည်းကို ပြန်လည်အမှတ်ရစေကာ မူဝါဒချမှတ်သူများအနေဖြင့် အတိုးနှုန်းများမြှင့်တင်ခြင်း၊ နိုင်ငံခြားအရန်ငွေသုံးစွဲရခြင်းနှင့် ငွေဈေးနှုန်းဆက်တိုက်ကျဆင်းခြင်း စသည့် အခြေအနေများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
မတ်လတွင် အိန္ဒိယရူပီး၊ အင်ဒိုနီးရှား ရူပီယာနှင့် ဖိလစ်ပိုင်ပီဆိုတို့သည် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် စံချိန်တင်အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ပြီး၊ ယန်းနှင့် တောင်ကိုရီးယားဝမ်တို့သည်လည်း သိသိသာသာ ကျဆင်းမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ဒေါ်လာတန်ဖိုးသည် မတ်လအတွင်း အမြင့်ဆုံးသို့ ရောက်ရှိကာ ဥရောပယူရိုငွေနှင့် နှိုင်းယှဉ်ပါက ၁.၅ %၊ တောင်ကိုရီးယား (ဝမ်)၊ ဖိလစ်ပိုင် (ပီဆို)၊ ထိုင်း (ဘတ်ငွေ) တို့နှင့် နှိုင်းယှဉ်ပါက ၄ % ကျော်အထိ မြင့်တက်လာခဲ့ပါသည်။
လောင်စာဆီအခက်အခဲအတွက် ဖြေရှင်းနည်း ရွေးချယ်ရန်မှာလည်း မလွယ်ကူလှပေ၊ လောင်စာဆီအပေါ် ထောက်ပံ့ကြေးပေးခြင်း (Fuel Subsidies) သည် ကုန်ကျစရိတ်ကြီးမားပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ သို့မဟုတ် ဘဏ္ဍာငွေအသုံးစရိတ် အခက်အခဲရှိသော နိုင်ငံများတွင် ကျင့်သုံးလိုက်ပါက ငွေချေးစာချုပ် ရင်းနှီးမြှုပ်နှံသူများအတွက် ဆိုးကျိုးများဖြစ်စေကာ တိုက်ရိုက်ငွေလဲလှယ်ခြင်းကလည်း နိုင်ငံခြားငွေကြေးဈေးကွက်များတွင် ကုန်ကျစရိတ်နှင့် စွန့်စားရမှုမြင့်မားနိုင်ကြောင်း၊ နိုင်ငံအလိုက် ငွေကြေးတန်ဖိုး၊ ငွေကြေးမူဝါဒနှင့် ဘဏ္ဍာရေးမူဝါဒများအနက် တစ်ခုခုသည် အကျိုးသက်ရောက်မှုကို တာဝန်ခံရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတိုင်းသည် မိမိတို့ပြည်တွင်း အခြေအနေများနှင့် ကိုက်ညီသော ရွေးချယ်မှုမျိုးကိုသာ ရွေးချယ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
လောင်စာဆီဈေးနှုန်းကြီးမြင့်ခြင်းနှင့် ငွေကြေးဈေးကွက်တည်ငြိမ်စေရန် ဩစတြေးလျနိုင်ငံက အတိုးနှုန်းများ မြှင့်ခဲ့ခြင်း၊ အာရှ-ပစိဖိတ်ဒေသရှိ အခြားနိုင်ငံများကလည်း အစိုးရမှ မိမိငွေကြေးအား ပြန်လည်ဝယ်ယူခြင်း (Currency Intervention) အပါအဝင် သမားရိုးကျမဟုတ်သော နည်းလမ်းများ ကျင့်သုံးခြင်း၊ တောင်ကိုရီးယားနိုင်ငံကလည်း ၎င်း၏ ကမ္ဘာ့တတိယအကြီးဆုံး အမျိုးသားပင်စင် ရန်ပုံငွေမှ ထုတ်ယူအသုံးပြုခြင်း၊ အိန္ဒိယက ဘဏ်များ၌ အများဆုံးထားနိုင်သည့် နိုင်ငံခြား ငွေကြေးပမာဏကို သတ်မှတ်ခြင်း (Capping Currency Position)၊ အင်ဒိုနီးရှားကလည်း ကာလတို ငွေချေးစာချုပ်ရောင်းပြီး ဒေါ်လာချေးငှားခြင်း (repo market)၊ ဂျပန်၊ ဖိလစ်ပိုင်စသော နိုင်ငံများကလည်း ငွေကြေးဈေးကွက်အတွင်း အရေးပေါ်ဝင်ရောက်စွက်ဖက်မှုများ ဆောင်ရွက်ခဲ့ကြောင်း ရိုက်တာသတင်းကို ကိုးကား၍ ဖော်ပြထားသည်။
နောက်ဆုံးရရှိသောသတင်းအချက်အလက်များအရ အိန္ဒိယတွင် နိုင်ငံခြားအရန်ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၆၉၈ ဘီလီယံခန့် (စင်ကာပူဒေါ်လာ၉၀၀.၃၄ဘီလီယံ) ရှိပြီး နောက်ထပ် ၁၁ လအတွက် သွင်းကုန်ကို ပေးချေနိုင်ကြောင်း၊ အလားတူ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့တွင်လည်း ၆ လထက်ပိုသည့် သွင်းကုန်ကို ပေးချေနိုင်သည့် နိုင်ငံခြားအရန်ဘဏ္ဍာငွေအသီးသီးရှိကြောင်း၊ သို့သော် ဒေါ်လာဈေး အမြင့်ဆုံးဖြစ်ချိန်တွင် အစိုးရမှ မိမိငွေကြေးအား ပြန်လည်ဝယ်ယူခြင်း (Currency Intervention) သည် အချည်းနှီးဖြစ်နိုင်သောကြောင့် ဗဟိုဘဏ်များအနေဖြင့် ပိုမိုဆန်းသစ်သော နည်းလမ်းများဖြင့် အခြေအနေကို ထိန်းသိမ်းရန် လိုအပ်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။
ရင်းမြစ်။ www.straitstimes.com
