ထိုင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၆ ပို့ကုန်မဟာဗျူဟာ ရေးဆွဲ

 

ထိုင်း၊ စီးပွား/ကူးသန်းဝန်ကြီး Suphajee Suthumpun က ၂၀၂၆ ခုနှစ်အတွက် ပို့ကုန်မဟာဗျူဟာချမှတ်နိုင်ရန် နိုင်ငံပေါင်း ၄၃ နိုင်ငံရှိ ကုန်သွယ်မှုမြှင့်တင်ရေးရုံး ၅၈ ရုံးမှ တာဝန်ခံညွှန်ကြားရေးမှူးများနှင့် အစည်းအဝေးကျင်းပခဲ့ပါသည်။ အရာရှိများ၏ အဆိုအရ အရှေ့အလယ်ပိုင်း ဒေသသို့ တင်ပို့မှုသည် ထိုင်းစုစုပေါင်းပို့ကုန်၏ ၃.၇% သာ ရှိသဖြင့် အဆိုပါဒေသ၏ အကျပ်အတည်းသည် ထိုင်းပို့ကုန်အပေါ် တိုက်ရိုက်သက်ရောက်မှုနည်းပါးကြောင်း၊ ကုန်သွယ်မှုမြှင့်တင်ရေးရုံးများသည် ထောက်ပံ့ပို့ဆောင်ရေးအခက်အခဲများအတွက် ကွက်လပ်ဖြည့်ပေးကာ ဈေးကွက် ချဲ့ထွင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ထိုင်း၊ The Nation သတင်းဌာနက ဖော်ပြထားပါသည်။

ထိုင်းသည် အရှေ့အလယ်ပိုင်းဒေသရှိ အီရန်၊ အစ္စရေး၊ UAE၊ ဆော်ဒီအာရေးဗီးယားနှင့် တူရကီတို့ တွင် ကုန်သွယ်မှုမြှင့်တင်ရေးရုံး ၅ ရုံး ဖွင့်လှစ်ထားရာ ဖြစ်ပေါ်တိုးတက်မှုများကို အချိန်နှင့် တပြေးညီ စောင့်ကြည့်နေကြောင်း၊ အဆိုပါရုံးများက သင်္ဘောတင်ခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများအတွက်လည်း အကူအညီများ ပေးနေကြောင်း၊ ဈေးကွက်မြှင့်တင်ရေး ဆောင်ရွက်နိုင်သည့် ဒေသများတွင် (၁) ထိုင်းစားသောက် ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန်များ၊ ကျန်းမာရေး ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာနည်းပညာကဏ္ဍ (Fintech) တို့ကို အသုံးချလျက် ဈေးကွက်တိုးချဲ့ခြင်း၊ (၂) ကုန်စည်ပြပွဲများတွင် ပါဝင်ခြင်း၊ အွန်လိုင်းချန်နယ်များနှင့် E - commerce ပလက်ဖောင်းများမှတဆင့် ဈေးကွက်ရှာဖွေခြင်း၊ (၃) စူပါမားကတ်များနှင့် Thai SELECT အသိအမှတ်ပြု စားသောက်ဆိုင်များနှင့်ပူးပေါင်းကာ စီးပွားရေး မိတ်ဖက်များတည်ဆောက်ခြင်းတို့ကို အဓိကထားဆောင်ရွက်သွားမည်ဟု  သိရပါသည်။

နောက်တစ်ဆင့်တွင် ထိုင်းစားသောက်ကုန်အမှတ်တံဆိပ် တည်ဆောက်ရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများဆက်လက်ဆောင် ရွက်ခြင်းနှင့် အထူးသဖြင့် ကြန့်ကြာနေသော UAE နှင့် ချုပ်ဆိုမည့် CEPA သဘောတူညီချက်ဆွေးနွေးမှုများကို အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်း၊ စီးပွား/ကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယေဘုယျအားဖြင့် ထိုင်းနိုင်ငံသည် အရှေ့အလယ်ပိုင်းနှင့် ကုန်သွယ်မှုတွင် အရှုံးပေါ်နေပြီး ၂၀၂၅ ခုနှစ်က ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀.၂၂ ဘီလီယံဖြင့် ၅ % တိုးတက်လာခဲ့သည်။ ထိုင်း၏ အဓိကပို့ကုန်များမှာ မော်တော်ကား၊ လျှပ်စစ်ပစ္စည်း၊ ကျောက်မျက်ရတနာ၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်များဖြစ်ပြီး ရေနံစိမ်း၊ ကျောက်မျက်ရတနာ၊ သဘာဝဓာတ်ငွေ့နှင့် မြေသြဇာများကို တင်သွင်းလျက်ရှိသည်။

ထိုင်း၊ စီးပွား/ကူးသန်းဝန်ကြီးက ပထဝီနိုင်ငံရေးတင်းမာမှုများ၊ အရှေ့အလယ်ပိုင်းစစ်ပွဲ၊ ကုန်သွယ် ရေးမူဝါဒမသေချာမှုများနှင့် ကမ္ဘာ့စီးပွားရေးနှေးကွေးမှုများကို မျက်ခြေမပြတ် စောင့်ကြည့်ကာ ထိုင်းနိုင်ငံ၏စီးပွားရေးကို အဓိကမောင်းနှင်သည့် ပို့ကုန် မြှင့်တင်သွားရန်လိုကြောင်း၊ ၂၀၂၅ ခုနှစ်က ထိုင်းပို့ကုန်တန်ဖိုးမှာ ဘတ် ၁၁.၁ ထရီလီယံကျော်ရှိကြောင်း ပြောကြားခဲ့သည်။

အစ္စရေး၊ တယ်လ်အဗ္ဗိရှိ ပို့ကုန်မြှင်တင်ရေးရုံး၊ ညွှန်ကြားရေးမှူး Natthapong က မရှောင်လွဲနိုင်သော စွမ်းအင်ဈေးနှုန်းကြီးမြင့်လာမှုနှင့် ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ် မတည်ငြိမ်မှုများကြောင့် ထိုင်းနိုင်ငံ၏ လူနေမှုစရိတ်နှင့် ကုန်ထုတ်လုပ်မှုစရိတ်များအပေါ် ဖိအားရှိလာမည်ဖြစ်ကြောင်း၊ ထိုင်းမှ အစ္စရေးသို့ တင်ပို့နေသော ဆန်နှင့် စားသောက်ကုန်များသည် အခြေခံ လိုအပ် ချက်ကုန်စည်များဖြစ်၍ ဝယ်လိုအား မြင့်မားဆဲဖြစ်ကာ ဇိမ်ခံပစ္စည်းများထက် သက်ရောက်မှု လျော့နည်းကြောင်း၊ စစ်ပွဲကြာရှည်လာသည်နှင့်အမျှ ပုံမှန်သိုလှောင်ချိန် ကုန်ဆုံးသွားပါက စီးပွားရေးလုပ်ငန်းများသည် သင်္ဘောလမ်းကြောင်းများကို ပြောင်းလဲလျှင် ကုန်ကျစရိတ်များ တဖြည်းဖြည်း မြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

လက်ရှိတွင် ထိုင်းနှင့် အစ္စရေးအကြား စုစုပေါင်းကုန်သွယ်မှုမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံခန့် ရှိပြီး ထိုင်းမှ အစ္စရေးသို့ တင်ပို့မှုမှာ တစ်နှစ်လျှင် ဒေါ်လာသန်း ၈၀၀ ခန့် ရှိရာ ထိုင်း၏ ကုန်သွယ်မှုပိုငွေသည် တစ်နှစ်လျှင် ခန့်မှန်းခြေဒေါ်လာသန်း ၃၀၀ မှ ၄၀၀ အထိ ရှိကြောင်း The Nation သတင်းစာတွင် ဖော်ပြထားပါသည်။

ရင်းမြစ်။ https://www.nationthailand.com/