ကမ္ဘာ့တန်ဖိုးကွင်းဆက်များသည် လက်ရှိစိန်ခေါ်မှုများကြားမှ ကြံ့ကြံ့ခံပြီး ပုံစံသစ်ဖြင့် ပြန်လည်ဖွဲ့စည်းနေကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစီရင်ခံစာအသစ်က ဖော်ပြ
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ၁၅-၁၂-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့တန်ဖိုးကွင်းဆက်များ ဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ (၂၀၂၅) အရ ကမ္ဘာ့တန်ဖိုးကွင်းဆက်များ (Global value chains – GVCs) သည် ပထဝီနိုင်ငံရေးတင်းမာမှုများ၊ ဘဏ္ဍာရေးဆိုင်ရာမရေရာမှုများ၊ ရာသီဥတုပြောင်းလဲမှုများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါတို့ကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
အစီရင်ခံစာမိတ်ဆက် အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က အပြောင်း အလဲများကြားမှ ကမ္ဘာ့တန်ဖိုးကွင်းဆက်များတွင် နိုင်ငံများဆက်လက်ပါဝင်နိုင်ရေးမှာ အနာဂတ်ကို ကြိုတင်မျှော်တွေးသည့် ချဉ်းကပ်မှုများက အရေးကြီးကြောင်း၊ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) သည် ပြီးဆုံးရန် ဝေးသေးပြီး GVCs များသည်လည်း မရှိမဖြစ် အရေးပါမြဲဖြစ်ကြောင်း၊ ကမ္ဘာ့ကုန်သွယ်မှု စုစုပေါင်းတွင် GVC ကုန်သွယ်မှု ပါဝင်မှုနှုန်းသည် ၂၀၂၂ ခုနှစ်တွင် ၄၈% အထိ အမြင့်ဆုံးရောက်ရှိခဲ့ရာမှ ပြီးခဲ့သည့်နှစ် (၂၀၂၄) တွင် ၄၆.၃% သို့ အနည်းငယ်လျော့ကျခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းများနှင့် အစိုးရများသည် ကမ္ဘာ့ပေါင်းစည်းမှုမှ ဆုတ်ခွာခြင်းမရှိဘဲ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးအဓိက ကိစ္စရပ်များကို ပုံစံသစ်ဖြင့် ပြန်လည်ဖွဲ့စည်းနေကြကြောင်း၊ ယင်းက ကမ္ဘာ့စီးပွားရေးဘောင်အတွင်း နိုင်ငံများ ပိုမိုပါဝင်စေမည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ 'Re-globalization' ဦးတည်ချက်နှင့် တစ်ထပ်တည်းကျလျက်ရှိကြောင်း ပြောကြားခဲ့သည်။
နှစ်နှစ်လျှင်တစ်ကြိမ် ထုတ်ဝေသည့် အဆိုပါအစီရင်ခံစာသည် ပဉ္စမအကြိမ်မြောက် ရောက်ရှိပြီဖြစ်ပြီး အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာစီးပွားရေးနှင့် စီးပွားရေးတက္ကသိုလ် (UIBE) ရှိ GVCs ဆိုင်ရာ သုတေသနအဖွဲ့အစည်း၊ ဂျပန်နိုင်ငံပြင်ပ ကုန်သွယ်ရေးအဖွဲ့ (IDE-JETRO) ၏ ဖွံ့ဖြိုးဆဲစီးပွားရေးအဖွဲ့ အစည်း၊ ကမ္ဘာ့စီးပွားရေးဖိုရမ်နှင့် WTO အတွင်းရေးမှူးရုံးတို့မှ ပူးတွဲထုတ်ဝေခြင်းဖြစ်ပါသည်။
အစီရင်ခံစာက GVC များကို ပြန်လည်ပြင်ဆင်ရာတွင် ပထဝီအနေအထား၊ ဒစ်ဂျစ်တယ်စနစ်နှင့် အလိုအလျောက်စနစ်တို့မှတစ်ဆင့် နည်းပညာအသွင်ကူးပြောင်းခြင်း၊ စက်မှုဆိုင်ရာ မူဝါဒသစ်များမှတစ်ဆင့် စီမံကွပ်ကဲခြင်း၊ ကုန်သွယ်မှုသဘောတူညီချက်ပုံစံသစ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရင်းနှီးမြှုပ်နှံမှုနှင့် ကာဗွန်ထုတ်လွှတ်မှုလျော့ချခြင်း စသည့်ပုံစံမျိုးစုံဖြင့် ဆောင်ရွက်ခဲ့ကြောင်းဖော်ပြထားသည်။
အစီရင်ခံစာအတွက် အချက်အလက်များမှာ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိနှင့် ၂၀၂၅ ခုနှစ်၊ အခွန်တိုးမြှင့်များ၊ ယင်းနှင့်ဆက်စပ်သည့်မရေရာမှုများအပေါ် တွက်ချက်ထားပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာစာရင်းများအရ ကုန်သွယ်မှုတိုးတက်မှုနှုန်းသည် ဆက်လက်ခိုင်မာအားကောင်းနေဆဲဖြစ်ကြောင်း ဖော်ပြထား သည်။
ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က မူဝါဒမတည်ငြိမ်မှုများနှင့် ကုန်သွယ်မှုကုန်ကျစရိတ်များ မြင့်မားလာခြင်းရှိကြောင်း၊ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ထရီလီယံကျော်အထိ ကုန်သွယ်ရေး အကူအညီပေးမှုလိုအပ်ချက်ကလည်း နောက်ထပ်စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ကြောင်း၊ GVC များ ပြောင်းလဲမှုသည် ရောင်းချသူအဖြစ် ရပ်တည်သော နိုင်ငံများအတွက် အများဆုံး အကျိုးရှိစေကြောင်း၊ GVC များ ကဏ္ဍစုံတွင် ပိုမိုပါဝင်လာပြီး ကြံ့ကြံ့ခံနိုင်ပါက ယခုအခက်အခဲများကို ကျော်လွှားနိုင်မည် ဖြစ်ကြောင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် ယခင်ကဲ့သို့ သမားရိုးကျ နှစ်နိုင်ငံ သို့မဟုတ် ဒေသတွင်း သဘောတူညီချက်များပုံစံထက် အလွတ်သဘော (informal)၊ စည်းနှောင်မှုမရှိ၊ ကိစ္စရပ်အပေါ် အဓိကထားဖြေရှင်းသည့် ပုံစံများတွေ့ရှိရကြောင်း၊ ဥပမာ - ၂၀၂၄ ခုနှစ်အတွင်း ဒစ်ဂျစ်တယ်ကုန်သွယ်ရေးနှင့် အရေးပါသောတွင်းထွက် ပစ္စည်းများ (Critical Minerals) ဆိုင်ရာ ကုန်သွယ်ရေးသဘောတူညီချက်ပေါင်း ၁၈၀ ကျော်ကို သဘောတူညီခဲ့ကြကြောင်း၊ ယင်းသဘောတူညီ ချက်များက စီမံခန့်ခွဲမှုပုံစံသစ်အတွက် ယုံကြည်မှုနှင့် ကြိုတင်ခန့်မှန့်နိုင်စွမ်းရှိမှုတို့ကို တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ၁၅-၁၂-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့တန်ဖိုးကွင်းဆက်များ ဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ (၂၀၂၅) အပြည့်အစုံကို WTO website တွင် Download ရယူနိုင်ပါသည်။
ရင်းမြစ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)
