ပျက်ပြယ်တော့မည့် အခြေအနေသို့ ရောက်ရှိနေသော အင်ဒိုနီးရှား - အမေရိကန် ကုန်သွယ်ရေးသဘောတူညီချက်
ယခုနှစ် ဇူလိုင်လကသဘောတူညီခဲ့သော အင်ဒိုနီးရှား-အမေရိကန် ကုန်သွယ်ရေးသဘောတူစာချုပ်သည် အင်ဒိုနီးရှားဘက်မှ ကတိကဝတ်အချို့ကို ရုပ်သိမ်းခဲ့ခြင်းကြောင့် ပျက်ပြယ်သွားနိုင်သည့် အခြေအနေရှိကြောင်း အမေရိကန်အရာရှိတစ်ဦးကို ကိုးကား၍ အင်္ဂါနေ့ထုတ် ရိုက်တာသတင်းက ဖော်ပြခဲ့သည်။
အင်ဒိုနီးရှား၊ စီးပွားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက နှစ်ဖက်ညှိနှိုင်းဆွေးနွေးပွဲများကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ပြဿနာတစ်စုံတစ်ရာ မရှိကြောင်း၊ အခြေအနေများသည် ပုံမှန်သာဖြစ်ကြောင်း၊ နှစ်ဖက်စလုံးအတွက် အကျိုးရှိစေမည့် သဘောတူညီချက်ကို မကြာမီ ရရှိနိုင်ရန် စာသားများညှိနှိုင်းနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနှင့် အမေရိကန်အကြား အကောက်ခွန်ဆိုင်ရာ ဆွေးနွေးပွဲများအတွက် အင်ဒိုနီးရှားနိုင်ငံ၊ စီးပွားရေးရာညှိနှိုင်းရေးဝန်ကြီးဌာန၊ ဝန်ကြီး Airlangga Hartarto က ဦးဆောင်လျက်ရှိပါသည်။ ဇူလိုင်လတွင် ချုပ်ဆိုခဲ့သော နှစ်နိုင်ငံသဘောတူညီချက်အရ အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်မှ ကုန်စည် ၉၉ % ကျော်အပေါ် အကောက်ခွန်ကောက်ခံမှုများကို ရုပ်သိမ်းပေးရန်နှင့် အမေရိကန် ကုမ္ပဏီများ ရင်ဆိုင်နေရသော အခွန်မဟုတ်သော ကုန်သွယ်ရေးအတားအဆီးများကို ဖယ်ရှားပေးရန် သဘောတူညီခဲ့ပြီး၊ အပြန်အလှန်အားဖြင့် အမေရိကန်က အင်ဒိုနီးရှားထုတ်ကုန်များအပေါ် အကောက်ခွန်နှုန်းထားများကို ၃၂ % မှ ၁၉ % အထိ လျှော့ချပေးမည်ဟု ပြောကြားခဲ့သည်။
အမေရိကန်ဘက်က အင်ဒိုနီးရှားသည် အမေရိကန်၏ စက်မှုနှင့် စိုက်ပျိုးရေးထုတ်ကုန်များအပေါ် အကောက်ခွန် မဟုတ်သော အတားအဆီးများ ဖယ်ရှားခြင်းနှင့် ဒစ်ဂျစ်တယ်ကုန်သွယ်ရေးဆိုင်ရာ ကတိကဝတ်များကို ပြန်လည်ရုပ်သိမ်းရန် ကြိုးပမ်းနေသည်ဟု သုံးသပ်နေကြပြီး၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က New York Times Dealbook အစီအစဉ်တွင် အင်ဒိုနီးရှားသည် အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်တွင် သဘောထားကွဲလွဲမှုများ ရှိနေသည်ဟု ပြောကြားခဲ့ကြောင်း Financial Times သတင်းဌာနက ဖော်ပြထားသည်။
ရင်းမြစ်။ www.reuters.com
