ကြေးနီသွင်းကုန်အပေါ် အမေရိကန်က ၅၀ % အကောက်ခွန် ကောက်ခံမှုသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများနှင့် မကိုက်ညီကြောင်း အိန္ဒိယမှ ပြောကြား
အမေရိကန်က ကြေးနီသွင်းကုန်အပေါ် အကောက်ခွန် ၅၀ % ကောက်ခံမှုသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သွင်းကုန်မြင့်တက်ခြင်းမှ ကာကွယ် ရေး (safeguard) စည်းမျဉ်းများနှင့် မကိုက်ညီကြောင်းနှင့် အမေရိကန်ကုန်စည်များအပေါ်တွင်လည်း တန်ပြန်အကောက်ခွန် ကောက်ခံသွားမည်ဖြစ်ကြောင်း အိန္ဒိယ၏ ပြောဆိုမှုကို အမေရိကန်က အခြေအမြစ်မရှိဟုဆိုကာ ငြင်းပယ်ခဲ့ပါသည်။
အမေရိကန်သည် ကြေးနီအပေါ် အကောက်ခွန်အသစ်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစတင် ချမှတ်ခဲ့ပြီး အိန္ဒိယက စက်တင်ဘာလတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သွင်းကုန်မြင့်တက်ခြင်းမှ ကာကွယ်ရေး (safeguard) စည်းမျဉ်းများအရ ညှိနှိုင်းရန်ကြိုးပမ်းခဲ့ပါသည်။ သို့သော် အမေရိကန်က ယင်းအကောက်ခွန်သည် သွင်းကုန်မြင့်တက်ခြင်းမှ ကာကွယ်သည့်နည်းလမ်းမဟုတ်ပဲ အမေရိကန်၏ ၁၉၆၂ ခုနှစ်၊ ကုန်သွယ်မှုတိုးမြှင့်ရေးဥပဒေ၊ ပုဒ်မ ၂၃၂ အရ အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်သော ကုန်စည်များအား ကာကွယ်ခြင်းဖြစ်ကြောင်းနှင့် အိန္ဒိယ၏ အသိပေးအကြောင်းကြားမှုသည် မခိုင်လုံကြောင်း နိုဝင်ဘာ ၆ ရက်နေ့က ပြန်ကြားခဲ့ပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သွင်းကုန်မြင့်တက်ခြင်းမှ ကာကွယ်ရေး (safeguard) သဘောတူညီချက်အရ ရုတ်တရက် သွင်းကုန်တိုးမြင့်လာခြင်းကြောင့် အဆိုပါ သွင်းကုန်နှင့် အလားတူ ပြည်တွင်းစက်မှုလုပ်ငန်းကို ထိခိုက်နိုင်ခြေရှိလျှင် အဖွဲ့ဝင်နိုင်ငံသည် စုံစမ်းစစ်ဆေးခြင်းကို ဦးစွာဆောင်ရွက်ရမည်ဖြစ်ကာ အခြားအဖွဲ့ဝင်နိုင်ငံများကိုလည်း အသိပေးရမည်ဖြစ်ပါသည်။
မူလက အိန္ဒိယမှ အမေရိကန် စတီး၊ အလူမီနီယံနှင့် မော်တော်ကားအစိတ်အပိုင်းများအပေါ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သွင်းကုန်မြင့်တက်ခြင်းမှ ကာကွယ်ရေး (safeguard) စည်းမျဉ်းများအရ တန်ပြန်အကောက်ခွန်များ ကောက်ခံနိုင်ရန် ကြေညာခဲ့ပါသည်။ ထို့ကြောင့် အမေရိကန်က ကြေးနီအပေါ် အကောက်ခွန်အသစ်သည် ပုဒ်မ ၂၃၂ အရ ပြည်ပသွင်းကုန်အပေါ် မှီခိုမှုကို လျော့ချရန်နှင့် နိုင်ငံတော်လုံခြုံရေးအတွက် သမ္မတ၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ငြင်းဆိုထားပါသည်။
နှစ်နိုင်ငံကြား ကုန်သွယ်မှုသဘောတူညီချက်ရရှိရန် အရေးကြီးနေပြီး ၂၀၂၅ ခုနှစ်အတွင်း အိန္ဒိယသည် အမေရိကန်သို့ တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၆၀ ခန့်ရှိ ကြေးနီပြားများ၊ ကြေးနီပိုက်လိုင်းများ၊ တဝက်တပျက် ကုန်ချောများတင်ပို့ခဲ့ကာ ချီလီ၊ အင်ဒိုနီးရှား၊ ဩစတြေးလျနှင့် အမေရိကန်တို့ထံမှ ကန်ဒေါ်လာ ၁၄.၅ သန်း တန်ဖိုးရှိ ကြေးနီကုန်ကြမ်းများ တင်သွင်းခဲ့ပါသည်။
ကြေးနီသွင်းကုန်အပေါ် အမေရိကန်က အကောက်ခွန် ၅၀ %ကောက်ခံချိန်တွင် အိန္ဒိယက ကြေးနီသတ္တုရိုင်းအပေါ် အကောက်ခွန် ၂.၅ % ၊ ပြန်လည်ပြုပြင်ထားသောကြေးနီနှင့် ကြေးနီအလွိုင်းများအပေါ် အကောက်ခွန် ၅% နှင့် အချို့သော ကြေးနီကုန်စည်များအပေါ် အကောက်ခွန် ၁၀% ကောက်ခံလျှက်ရှိကြောင်းနှင့် အိန္ဒိယသတင်းစာ The Economic Times က ဖော်ပြထားပါသည်။
