ကမ္ဘာ့ဈေးကွက် ၂၆ ခုသို့ ဆန် တိုးမြှင့်တင်ပို့တော့မည့် အိန္ဒိယ
အိန္ဒိယနိုင်ငံသည် ဆန်တင်ပို့မှု တိုးတက်လာသည်နှင့်အမျှ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ယူကေနှင့် မက္ကဆီကို အပါအဝင် ကမ္ဘာ့ဈေးကွက် ၂၆ ခု သို့ တိုးမြှင့်တင်ပို့ရန် ရည်ရွယ်ထားကြောင်း အိန္ဒိယ၊ လယ်ယာနှင့် စားသောက်ကုန်တင်ပို့မှုဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (Agricultural and Processed Food Products Export Development Authority -APEDA) ဥက္ကဌ Abhishek Dev က ပြောကြားခဲ့သည်။
Dev က အိန္ဒိယဆန်တင်ပို့မှုသည် စက်တင်ဘာလ၌ ၃၃.၁၈ % တိုးတက်ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၉၂၅ မီလီယံနှင့် ဧပြီလမှ စက်တင်ဘာလအတွင်း ၁၀% တိုးတက်ခဲ့ကာ တန်ဖိုး အမေရိကန်ဒေါ်လာ ၅.၆၃ ဘီလီယံ ရရှိခဲ့ကြောင်း၊ ဈေးကွက်ချဲ့ထွင်မည့် ၂၆ နိုင်ငံတွင် အိန္ဒိယ၏ ပြိုင်ဘက် ပါကစ္စတန်ထံမှ ဆန်အမြောက်အမြား တင်သွင်းသော ဆော်ဒီအာရေဗျ၊ ဗီယက်နမ်၊ အီရတ်၊ အမေရိကန်၊ မလေးရှား၊ တရုတ်၊ ပြင်သစ်၊ ယူအေအီး၊ ဘရာဇီး၊ တောင်အာဖရိက၊ ဘယ်လ်ဂျီယံ၊ ဂျပန်၊ ဂျာမနီနှင့် ကင်ညာနိုင်ငံတို့လည်း ပါဝင်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ Dev က နယူးဒေလီ၌ အောက်တိုဘာလ ၃၀ နှင့် ၃၁ ရက်နေ့များတွင် ကျင်းပမည့် ဘာရတ်နိုင်ငံတကာဆန်ညီလာခံ ၂၀၂၅ (Bharat International Rice Conference-BIRC 2025) သည် ကမ္ဘာ့ဆန်ကုန်သွယ်မှုတွင် ပွင့်လင်းမြင်သာမှု၊ ထိရောက်မှုနှင့် ကြံ့ကြံ့ခံနိုင်ရည်ရှိမှုတို့ကိုမြှင့်တင်နိုင်ရန် စိုက်ပျိုးထုတ်လုပ်သူများ၊ တင်ပို့သူများ၊ တင်သွင်းသူများ၊ မူဝါဒချမှတ်သူများ၊ ငွေကြေးအကူအညီပေးသူများ၊ ကုန်စည်ပို့ဆောင်ရေးနှင့်ဆိုင်သော ပညာရှင်များ၊ သုတေသနအဖွဲ့အစည်းများနှင့်ဆက်စပ်ဝန်ဆောင်မှုပေးသူများကို စုစည်းတွေ့ဆုံစေမည်ဖြစ်ကြောင်း၊ အိန္ဒိယသည် နိုင်ငံပေါင်း ၁၇၂ နိုင်ငံကျော်ကို ဆန်တင်ပို့ရောင်းချနေသဖြင့် ကမ္ဘာ့ဆန်ထုတ်လုပ်တင်ပို့မှု အများဆုံးနိုင်ငံတစ်ခုဖြစ်ပြီး ကမ္ဘာ့စားနပ်ရိက္ခ္ခ္ခာထောက်ပံ့ရေးကွင်းဆက်တွင် မည်သည့်နေရာ၌ ရပ်တည်ရမည်ကို ယခုညီလာခံက ရှာဖွေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါဆန်ညီလာခံသို့ လယ်သမားနှင့် လယ်သမားအသင်းအဖွဲ့များ ၃၀၀၀ ကျော် ၊ နိုင်ငံ ၈၀ ကျော်မှ ဝယ်လက် ၁၀၀၀ ကျော်နှင့် တင်ပို့သူများ၊ ဆန်စက်ပိုင်ရှင်များနှင့် ဆက်စပ်လုပ်ငန်းရှင်များ ၂၅၀၀ ခန့် တက်ရောက်ခဲ့ပါသည်။ အိန္ဒိယ၊ စီးပွား/ကူးသန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယခုညီလာခံမှ တန်ဖိုး ရူပီး ၁.၈၀ ကုဋေခန့်ရှိ ဆန်ဈေးကွက်သစ်များနှင့် တန်ဖိုး ရူပီး ၂၅၀၀၀ ကုဋေရှိ ဆန်တင်ပို့မှု နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။
အိန္ဒိယသည် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာ့ဆန်ထုတ်လုပ်မှု၏ ၂၈ % ခန့်ရှိ ဆန်တန်ချိန် သန်း ၁၅၀ ခန့် ထုတ်လုပ်ခဲ့ကြောင်း၊ မျိုးကောင်းမျိုးသန့်စပါးများ အသုံးပြုလာခြင်း၊ စိုက်ပျိုးရေးနည်းပညာများ တိုးတက်လာခြင်းနှင့် ရေသွင်းစိုက်ပျိုးမြေဧရိယာ ကျယ်ပြန့်လာခြင်းတို့ကြောင့် မြေ ၁ ဟက်တာလျှင် ၂၀၁၄-၂၀၁၅ ခုနှစ်၌ စပါးပျမ်းမျှအထွက်နှုန်းသည် တန်ချိန် ၂.၇၂ တန်မှ ၂၀၂၄-၂၀၂၅ ခုနှစ်၌ တန်ချိန် ၃.၂ တန်သို့ တိုးတက်ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်၌ အိန္ဒိယသည် နိုင်ငံပေါင်း ၁၇၂ နိုင်ငံ ကျော်သို့ ဆန်တန်ချိန် ၂၀.၁ သန်း တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂.၉၅ ဘီလီယံ တင်ပို့ခဲ့ကြောင်း The Economic Times သတင်းဌာနက ဖော်ပြထားပါသည်။
ရင်းမြစ်။ https://economictimes.indiatimes.com
