ကမ္ဘာ့ကုန်သွယ်ရေးမူဝါဒပြောင်းလဲမှုများကို တိုင်းတာရန် ညွှန်းကိန်းအသစ်ကို ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့တို့မှ စီးပွားရေးပညာရှင်များက ဖော်ထုတ်

 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့တို့မှ စီးပွားရေးပညာရှင်များက ကုန်သွယ်မှုမူဝါဒများအတွက် ညွှန်းကိန်းအသစ်ရေးဆွဲရန် သုတေသနများဆောင်ရွက်ခဲ့ရာ ၂၀၁၉ - ၂၀၂၀ ခုနှစ်များမှစတင်၍ ကုန်သွယ်မှုမူဝါဒအသစ်များ သိသိသာသာမြင့်တက်လာခဲ့ပြီး COVID-19 ကာလအတွင်း စီးပွားရေးအင်အားကြီးနိုင်ငံများအကြား ကုန်သွယ်ရေးမူဝါဒပဋိပက္ခများ မြင့်တက်လာခြင်းနှင့် ပထဝီနိုင်ငံရေးအန္တရာယ်များကြောင့်ဖြစ်ကြောင်း တွေ့ရှိရပါသည်။

Dynamic Factor Model ကို အသုံးပြုထားသော ကုန်သွယ်မှုမူဝါဒဆောင်ရွက်မှု (Trade Policy Activity) ညွှန်းကိန်းအသစ်သည် နိုင်ငံများနှင့် ကုန်စည်များအပေါ် ကုန်သွယ်မှုမူဝါဒအစီအမံများ ဆိုင်ရာအချက်အလက်များကို အခြေခံထားပြီး ပြောင်းလဲမှုများကို အချိန်နှင့်တပြေးညီ စောင့်ကြည့် လေ့လာနိုင်မည်ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုစောင့်ကြည့်ရေးအချက်အလက် (Trade Monitoring Database) နှင့် Global Trade Alert (GTA) တို့မှ ရယူအသုံးပြုထားပါသည်။

ပုံ ၁ အရ ကုန်သွယ်ရေးမူဝါဒများသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ တည်ငြိမ်နေရာမှ ၂၀၁၉-၂၀၂၀ ခုနှစ်ဝန်းကျင်မှစ၍ ကုန်သွယ်ရေးမူဝါဒကို ပိုမိုကျယ်ပြန့်သည့် ရည်မှန်းချက်များ (ဥပမာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ စက်မှုမူဝါဒ သို့မဟုတ် လုံခြုံရေး) အတွက် သိသိသာသာ အသုံးပြုလာ ကြောင်း၊ ထို့ပြင် အမေရိကန်-တရုတ်အကောက်ခွန် (၂၀၁၈-၂၀၁၉)၊ ကိုဗစ်-၁၉ကပ်ရောဂါ (၂၀၂၀)၊ ယူကရိန်းစစ်ပွဲ (၂၀၂၂) တို့ဖြစ်ပွားခြင်း စသည့် သံသရာလည်နေသော မူဝါဒများနှင့် ယာယီမူဝါဒများကိုလည်း ညွှန်းကိန်းက ဖော်ပြနိုင်ပါသည်။

ညွှန်းကိန်းသည် ကုန်သွယ်မှုမူဝါဒများ၏ ယေဘုယျအရွေ့(common dynamics of trade policy) ကို ဖော်ပြနိုင်သလို အဆိုပါအရွေ့များအကြား ကွာဟမှု (varying dynamics) ကိုလည်း ဖော်ပြနိုင်ပါသည်။ ပုံ ၂ အရ အခြားကုန်သွယ်မှုနည်းလမ်းများနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး နည်းလမ်းများကြား ကွာဟမှုကို ခွဲခြားဖော်ပြထားပြီး  WTO ၏ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက် စတင်အကောင်အထည်ဖော်သည့် ၂၀၁၇ ခုနှစ်မှစ၍ မူဝါဒကွဲလွဲမှုများ သိသိသာသာ မြင့်တက်လာသည်ကို တွေ့ရှိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ယူကရိန်းစစ်ပွဲကဲ့သို့သော အရေးပေါ်ကာလများတွင် နိုင်ငံအများစုသည် ဆေးပစ္စည်းများနှင့် ကုန်ကြမ်းကဲ့သို့သော ကုန်စည်များ ပြတ်လပ်မှုနှင့် ဈေးနှုန်းကြီးမြင့်မှုကို ကျော်လွှားနိုင်ရန် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနည်းလမ်းများကို အခြားကုန်သွယ်မှု နည်းလမ်း များနှင့်အတူ တိုးမြှင့်ကျင့်သုံးခဲ့ကြောင်း တွေ့ရပါသည်။ 

ညွှန်းကိန်းအသစ်သည် အစိုးရများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ဗျူဟာမြောက်သုံးသပ်ချက်များကို လျင်မြန်စွာ ပံ့ပိုးပေးနိုင်ပြီး မူဝါဒချမှတ်သူများအတွက် ဖြစ်နိုင်ချေရှိသော မူဝါဒပြောင်းလဲမှုများ သတိပေးနိုင်ပါသည်။ TPA ညွှန်းကိန်းကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်ရန် "big data” အစား “nowcast” ကို အသုံးပြုရန် ပညာရှင်များက အဆိုပြုထားပြီး လက်ရှိတွင် အဆိုပါ ညွှန်းကိန်းကို စမ်းသပ်ကာလအဖြစ် အသုံးပြုမည်ဖြစ်ကာ ပွင့်လင်းမြင်သာမှုနှင့် ဆွေးနွေးမှုများကို ပိုမိုမြှင့်တင်နိုင်ရန် အရေးကြီးယန္တရားတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့မှ တင်ပြထားပါသည်။

ရင်းမြစ်။ www.wto.org