အမေရိကန်နှင့် အကောက်ခွန်စစ်ပွဲကြားမှပင် တရုတ်သည် ဂျပန်၊ တောင်ကိုရီးယားတို့နှင့် ၃ ပွင့်ဆိုင် ငွေကြေးဖလှယ်မှုကို စတင်ရန် ကြိုးပမ်း

 

အမေရိကန်က အရှေ့အာရှနိုင်ငံများအပေါ် ကုန်သွယ်မှုဖိအားများပေးနေချိန်တွင် တရုတ်က ဒေသတွင်း ငွေကြေးဆက်ဆံရေးများ ပိုမိုခိုင်မာစေရန်နှင့် တရုတ်ယွမ်ကို ပိုမိုအသုံးပြုလာစေရန် နည်းလမ်းများ ရှာဖွေလျက်ရှိရာ အမေရိကန်၏ မိတ်ဖက်များဖြစ်သော ဂျပန်၊ တောင်ကိုရီးယားတို့နှင့် ၃ ပွင့်ဆိုင် ငွေကြေးဖလှယ်မှုကို စတင်နိုင်ရေး ဆွေးနွေးနေပြီဖြစ်ကြောင်း South China Morning Post သတင်းစာ၌ ဖော်ပြထားပါသည်။

ဝါရှင်တန်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့၏ နှစ်ပတ်လည်အစည်းအဝေး၌ တရုတ်ဗဟိုဘဏ် (People’s Bank of ChinaPBOCဥက္ကဌသည် တောင်ကိုရီးယားနှင့် ဂျပန်တို့မှ ဗဟိုဘဏ်ဥက္ကဌများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ယခုကိစ္စကို ကာလအတန်ကြာကတည်းက ဆွေးနွေးမှုများ စတင်ခဲ့ပြီး ၎င်းတို့ ၃ နိုင်ငံ၏ စီးပွားရေး စုစုပေါင်းသည် ကမ္ဘာ့စီးပွားရေးစုစုပေါင်း၏ ၄ ပုံ ၁ ပုံခန့်ရှိကြောင်း၊ ဂျပန်၊ တောင်ကိုရီးယားတို့သည် တရုတ်၏ စတုတ္ထနှင့် ဆဌမ အဆင့်ရှိ အများဆုံး ကုန်သွယ်ဖက်များဖြစ်ကာ အမေရိကန်၏ အကောက်ခွန်နှုန်းများကြောင့်လည်း ထိခိုက်ခဲ့ကြကြောင်း၊ ၃ နိုင်ငံငွေကြေးဖလှယ်မှု ဆောင်ရွက်မည့်ပုံစံကို အတိအကျမသိရသေးသော်လည်း ၂၀၀၀ ပြည့်နှစ် မေလတွင် အရှေ့တောင်အာရှ ၁၀ နိုင်ငံမှ ငွေကြေးဖလှယ်မှု စတင်ရန်ကြိုးပမ်းခဲ့သည့် ချင်းမိုင် ကနဦးအစီ အစဉ်အောက်တွင် ပြန်လည်စတင်နိုင်ကြောင်း၊ လာမည့် အာဆီယံနှင့် အေပက် ထိပ်သီးအစည်းအဝေးများတွင် ယခုကိစ္စကို ပူးတွဲဆွေးနွေးလာနိုင်ကြောင်း၊  ပြီးခဲ့သည့် သီတင်းပတ်က တရုတ်ဗဟိုဘဏ်၏ အွန်လိုင်းထုတ်ပြန်ချက်တစ်ခုတွင် ၃ နိုင်ငံ၏ ဗဟိုဘဏ်ဥက္ကဌများက လတ်တလော စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြောင်း ယေဘုယျ ထုတ်ပြန်ခဲ့သည်ဟု သတင်းစာတွင် ဖော်ပြထားပါသည်။

အခြားသတင်းရင်းမြစ်များအရ ငွေကြေးဖလှယ်ရေးဆွေးနွေးမှုများ၏ ဖြစ်နိုင်ခြေအရှိဆုံး ရလဒ်မှာ နိုင်ငံ ၃ နိုင်ငံကြား အပြန်အလှန် သဘောတူညီချက်လောက်သာ ရရှိနိုင်ကြောင်း၊ တရုတ်သည် တောင်ကိုရီး ယားနှင့် ၅ နှစ်အတွင်း ယွမ် ဘီလီယံ ၄၀၀ (အမေရိကန်ဒေါ်လာ ၅၆.၁၈ ဘီလီယံငွေကြေးလဲလှယ်မှု သဘောတူညီချက်သည် ယခုလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဂျပန်နှင့် ၃ နှစ်အတွင်း ယွမ်ငွေ ဘီလီယံ ၂၀၀ ငွေကြေးဖလှယ်ရန်မှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက လက်မှတ်ရေးထိုးခဲ့ကြောင်း၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ကလည်း နှစ်နိုင်ငံအကြား ၃ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့် ငွေကြေးလဲလှယ်မှုအစီအစဉ်ကို ၂၀၂၃ ဒီဇင်ဘာတွင် ပြန်လည်စတင်ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် စက်တင်ဘာလကုန်အထိ ကမ္ဘာအနှံ့ရှိ ဗဟိုဘဏ် ၃၂ ခုနှင့် စုစုပေါင်း ယွမ်ငွေ ၄.၅ ထရီလီယံခန့် ငွေကြေးဖလှယ်ခဲ့ပြီး အဆိုပါကွန်ယက်သည် ကမ္ဘာ့ငွေကြေးစိတ်ချလုံခြုံမှုကွန်ယက်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ အနာဂတ်တွင်လည်း နိုင်ငံအလိုက်၊ ဒေသအလိုက် ငွေကြေးဖလှယ်မှုကို အာရုံစိုက်ကာ ရန်ပုံငွေကို ထိရောက်စွာ အသုံးချခြင်း၊ ငွေဖြစ်လွယ်မှု ထောက်ပံ့မှု တိုးမြှင့်ခြင်းနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုအပေါ် ပံ့ပိုးကူညီမှု မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက Financial News နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ ကြောင်း သတင်းစာက ဖော်ပြထားပါသည်။

ရင်းမြစ်။        https://www.scmp.com/