အမေရိကန်၏ အခွန်စည်းကြပ်မှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကမ္ဘာ့ကုန်သွယ်မှုအပေါ် အကျိုးသက်ရောက်မှုများအား ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုညီလာခံတွင် ဆွေးနွေး

 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပသော ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုညီလာခံ (UNCTAD ၁၆ ကြိမ်မြောက် ညီလာခံ၌ အဖွဲ့ဝင်နိုင်ငံများက အမေရိကန်၏ ကုန်သွယ်မှုမိတ်ဖက်များအပေါ် စည်းကြပ်ခွန်များနှင့်ပတ်သက်၍ လက်ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTOစည်းမျဉ်းများကို လိုက်ပါဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

အမေရိကန်၏ အခွန်စည်းကြပ်မှုကြောင့် ကမ္ဘာ့ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးအပေါ် ဖိအားများ သိသာစွာရှိနေပြီး UNCTAD အထွေထွေအတွင်းရေးမှူးချုပ် Rebeca Grynspan က “ နိုင်ငံများအနေဖြင့် ကြွေးမြီများ ဆက်လက်ထားရှိခြင်း သို့မဟုတ် ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ခြင်း စသည်ဖြင့် ရွေးချယ်ရန် ခက်ခဲနေကြောင်း၊ အမြင့်မားဆုံးအကောက်ခွန်များက မသေချာမှုများ ဖြစ်ပေါ်စေခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းခြင်း၊ တိုးတက်မှုနှေးကွေးခြင်း၊  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှုကို ပိုမိုခက်ခဲစေခြင်းများ ရှိခဲ့ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေး၏ ၇၂ % သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများအောက်တွင်ရှိနေဆဲဖြစ်ကြောင်း၊ အဖွဲ့ဝင် ၁၆၄ နိုင်ငံသည် စည်းမျဉ်းအခြေခံ နိုင်ငံတကာ ကုန်သွယ်မှုကို မြှင့်တင်ပေးနေကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုများ၊ ဉာဏပစ္စည်းမူပိုင်ခွင့်၊ စံချိန်စံညွှန်းများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားကုန်သွယ်မှုဆိုင်ရာ ပြဿနာများ အားလုံးအကျုံးဝင်ကြောင်း၊ WTO ၏ ပုဒ်မ ၃ သည် ပြည်တွင်းထုတ်လုပ်သူများနှင့် ပြည်ပထုတ်လုပ်သူများအပေါ်ခွဲခြားဆက်ဆံခြင်းကို တားမြစ်ထားကြောင်း ” ပြောကြားခဲ့သည်။

အကောက်ခွန်အသစ်များကြောင့် စီးပွားရေးမသေချာမှုများအပြင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ကြွေးမြီများ ပိုမိုများပြားလာပြီး အထွေထွေညီလာခံဥက္ကဌ Annalena Baerbock က ၂၀၂၄ ခုနှစ်တွင် နိုင်ငံများ၏ ကြွေးမြီ စုစုပေါင်း ကန်ဒေါ်လာ ၃၁  ဘီလီယံထိ ရှိခဲ့ကြောင်း၊ ကမ္ဘာ့စီးပွားရေးတွင် ကုန်သွယ်မှုသည်  နိုင်ငံအနည်းစုအတွက်သာ အကျိုးရှိပြီး နိုင်ငံစုံစနစ်အပေါ် ယုံကြည်မှု ပျက်ပြားစေခဲ့ကြောင်း၊ မျိုးဆက် တစ်ခုအတွင်း လူသားများ၏ ထက်ဝက်ခန့်သည် ဝင်ငွေတိုးလာခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

WTO ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က UN နှင့် WTO ကဲ့သို့သော စစ်ပြီးခေတ်အဖွဲ့ အစည်းများသည် လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေရန် လိုအပ်ကြောင်း၊ အလုပ်ဖြစ်သော ကိစ္စများကို ဆက်လက်ထိန်းသိမ်းပြီး အလုပ်မဖြစ်သောကိစ္စများကို ပြောင်းလဲရန်လိုကြောင်း၊ ဒီဂျစ်တယ်နှင့် အစိမ်းရောင်အနာဂတ်အတွက် ပြန်လည်နေရာယူရန်လိုကြောင်း ပြောကြားခဲ့သည်။ 

အမေရိကန်သမ္မတ၏ ဒုတိယသက်တမ်း၊ ကနဦး လအနည်းငယ်အတွင်း တရုတ်၊ ဥရောပသမဂ္ဂ၊ အင်ဒို နီးရှား၊ မက္ကဆီကို၊ ကနေဒါနှင့် အခြားနိုင်ငံများအပါအ၀င် နိုင်ငံအများအပြားကို အကောက်ခွန်အသစ်များ စည်းကြပ်ခဲ့ပါသည်။ အခွန်စည်းကြပ်မှုသည် တရားဝင်ခြင်း ရှိ/မရှိကို အမေရိကန်၊ တရားရုံးချုပ်က  စက်တင်ဘာလတွင် ပြန်လည်သုံးသပ်ခဲ့ပြီး နိုဝင်ဘာလတွင် ကြားနာမှုများ ပြုလုပ်ခဲ့ပါသည်။

ရင်းမြစ်။        https://www.jurist.org/