ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုညီလာခံက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအပေါ် အကောက်ခွန်အတားအဆီးများ၏ သက်ရောက်မှုများအား ထုတ်ပြန်ခဲ့
ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုညီလာခံက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအပေါ် အကောက်ခွန်အတားအဆီးများ၏ အကျိုးသက်ရောက်မှုများကို “Tariff disruptions: The impact on least developed countries” ဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါထုတ်ပြန်ချက်၏ အနှစ်ချုပ်အနေဖြင့် ကမ္ဘာ့ပို့ကုန်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ ပါဝင်မှု ၁ % ကို ၂ ဆတိုးရန် နိုင်ငံတကာအသိုင်း အဝိုင်းက ၁၀ စုနှစ် တစ်ခုကျော် ကြိုးပမ်းခဲသော်လည်း ရည်မှန်းချက်မပြည့်ဝသေးကြောင်း၊ သို့သော် လက်ရှိ အမေရိကန်၏ အကောက်ခွန်အသစ်ကြောင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများက အမေရိကန်သို့ တင်ပို့မှုသည် ၃ ဆ တိုးတက်လာပြီး ဖွံ့ဖြိုးပြီးနိုင်ငံများထက် ၂ ဆ ပိုများခဲ့ကြောင်း၊ ယင်းသို့ ပို့ကုန်မြင့်မားလာမှုက ကမ္ဘာ့ပို့ကုန်ဈေးကွက် ရှယ်ယာတွင် ၁၀ % သာ ရရှိထားသော ဖွံ့ဖြိုးမှုအနည်းဆုံး ၄၄ နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းအပေါ် အကျိုးသက်ရောက်စေကာ အသေးစားထုတ်ကုန်ကဏ္ဍသည် အထိခိုက်ဆုံးဖြစ်လာကြောင်း၊ ထို့ပြင် အာဖရိကဖွံ့ဖြိုးတိုးတက်မှုနှင့် အခွင့်အလမ်း သဘောတူညီချက် (African Growth and Opportunity Act – AGOA) ၊ အခြားကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များဖြစ်သော HOPE/HELP တို့ သက်တမ်းကုန်ဆုံးခြင်းကလည်း ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ အမေရိကန်ဈေးကွက်သို့ ဝင်ရောက်နိုင်ရေး ယှဉ်ပြိုင်နိုင်စွမ်းကို လျော့ကျစေပြီး အထူးသဖြင့် အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေးသော အထည် အလိပ်နှင့် အဝတ်အထည်လုပ်ငန်းတွင် ထိခိုက်စေကြောင်း၊ ယင်းအချက်များက ထုတ်လုပ်မှုနှင့် ဆက်စပ်နေသည့် ကုန်ထုတ်စွမ်းအားကျဆင်းခြင်းနှင့် စနစ်အသွင်ကူးပြောင်းမှုကို အားနည်းစေနိုင်ကြောင်း ဖော်ပြထားပါသည်။
အကောက်ခွန်အတားအဆီးများကြောင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသည် ဒေသတွင်းပေါင်းစည်းမှုနှင့် နှင့် စီးပွားရေးလုပ်ငန်းခွဲများ ၂ဆ ပိုမိုဆောင်ရွက်လာနိုင်ပြီး ထိုမှတဆင့် ပိုမိုသာယာဝပြောပြီး ခံနိုင်ရည်ရှိသော အနာဂတ်သို့ လမ်းကြောင်းခင်းပေးမည်ဖြစ်သည်။
ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုညီလာခံက အသိပေးလိုသော အဓိကအချက်များမှာ (က) အခွန်စည်းကြပ်မှု အတားအဆီးများကြောင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအတွက် အထူးနှင့်ကွဲပြားသော အခွင့်အရေး အပါအဝင် နိုင်ငံစုံကုန်သွယ်မှုစနစ်၏ အရေးပါမှုကို ပိုမိုသိသာလာခြင်း (ခ) အကောက်ခွန်အတားအဆီးများကို ရင်ဆိုင်ရန် စနစ် ပြုပြင်ပြောင်းလဲမှုသည် ယခင်ကထက် ပိုမိုလိုအပ်ခြင်း၊ (ဂ) ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဒေသတွင်း ပေါင်းစည်းမှုမှတစ်ဆင့် စီးပွားရေးလုပ်ငန်းခွဲများ ပိုမိုရှာဖွေနိုင်ခြင်း တို့ဖြစ်ပါသည်။ အနှစ်ချုပ်အနေဖြင့် စနစ်ပြုပြင်ပြောင်းလဲရေးသည် ပန်းတိုင်ဖြစ်ပြီး ကုန်သွယ်မှုနှင့် ကုန်ထုတ်စွမ်းအားများသည် ပန်းတိုင်ရောက်ရှိရေးနည်းလမ်းများဖြစ်ကြောင်း ဖော်ပြထားပါသည်။
ရင်းမြစ်။ https://unctad.org/publication/
