ထရမ့်က တရုတ်အပေါ် အကောက်ခွန်နှုန်း ၁၃၀ % ကြေညာခဲ့ခြင်းက ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲကို တစ်ဖန်ပြန်အသက်ဝင်လာစေခဲ့
တရုတ်-အမေရိကန် နှစ်နိုင်ငံကြား လအတန်ကြာ ကုန်သွယ်ရေးစစ်ပွဲ ရပ်တန့်နေပြီးနောက် ပြီးခဲ့သည့် သောကြာနေ့က ထရမ့်၏ လူမှုကွန်ယက်တွင် နိုဝင်ဘာလ ၁ ရက်နေ့ သို့မဟုတ် ပိုမိုဆောလျင်သော ကာလ၌ အမေရိကန်သည် တရုတ်ကုန်ပစ္စည်းများအပေါ် လက်ရှိစည်းကြပ်ခွန် ၃၀ % ထက် ၁၀၀ % ပိုမိုစည်းကြပ်သွားမည်ဖြစ်ကြောင်းနှင့် အရေးကြီးဆော့ဖ်ဝဲလ်အားလုံးကို ပို့ကုန်ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထရမ့်၏ ကြေညာချက်သည် တရုတ်က မြေရှားသတ္တုအား ပို့ကုန်ထိန်းချုပ်မှုနှင့် ဆက်စပ်နေပြီး ထရမ့်နှင့် တရုတ်သမ္မတရှီတို့၏ ယခုလနှောင်းပိုင်းတွင် တောင်ကိုရီးယား၌ တွေ့ဆုံမှုလည်း ပျက်ပြယ်ခဲ့ပါသည်။ ယခုကြေညာချက်ကြောင့် စတော့ရှယ်ယာဈေးကွက်များလည်း ကျဆင်းသွားကာ တရုတ်ကုန် စည်များအပေါ် စည်းကြပ်ခွန်များ ၁၄၅ % အထိ မြင့်တက်ပါက ရင်းနှီးမြှုပ်နှံသူများ၊ စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် စိုးရိမ်ဖွယ်ဖြစ်ပါသည်။
ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ နှစ်ခုဖြစ်သော အမေရိကန်နှင့် တရုတ်တို့သည် အပြန်အလှန် မှီခိုနေပြီး မကြာသေးမီကမှ မက္ကဆီကိုသည် တရုတ်နိုင်ငံအစား အမေရိကန်သို့ နိုင်ငံခြားကုန်စည် ထိပ်တန်းတင်ပို့သူဖြစ်လာပါသည်။
အမေရိကန်သည် တရုတ်မှ လျှပ်စစ်ပစ္စည်း၊ အဝတ်အထည်နှင့် ပရိဘောဂများ အဓိကဝယ်ယူပြီး ထရမ့်က တရုတ်ကုန်ပစ္စည်းများအပေါ် ကနဦး အကောက်ခွန် ၁၄၅ % စည်းကြပ်ချိန်တွင် လျှပ်စစ်ပစ္စည်းများကိုမူ အကောက်ခွန် ၂၀ % သာ စည်းကြပ်ခဲ့ပါသည်။ ယင်းက အကောက်ခွန်မြင့်မားမှုကြောင့် ဖြစ်လာသော အမေရိကန်စီးပွားရေးအပေါ် ထိခိုက်မှုကို ထရမ့်အစိုးရ၏ အသိအမှတ်ပြုမှုတစ်ခု ဖြစ်ပါသည်။ ထို့နောက် မေလတွင် အမေရိကန်နှင့် တရုတ်အပြန်အလှန်အခွန်အခများ လျှော့ချရန် သဘောတူညီခဲ့ကာ တရုတ်က အမေရိကန် ပို့ကုန်များအပေါ် စည်းကြပ်ခွန် ၁၂၅ % မှ ၁၀ % သို့လည်းကောင်း၊ အမေရိကန်က တရုတ်ပို့ကုန်များအပေါ် ၁၄၅ % မှ ၃၀ % သို့လည်းကောင်း လျှော့ချခဲ့သည်။ နှစ်နိုင်ငံလုံး၏ စတော့ဈေးကွက်များလည်း အပြိုင်ကျဆင်းခဲ့ပါသည်။
နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်အပေါ် အမေရိကန်၏ မျှော်လင့်ချက်မှာ တရုတ်၏ မြေရှားသတ္တုတင်ပို့မှု တိုးမြင့်ရန်ဖြစ်သော်လည်း နှစ်နိုင်ငံကြား မကြာခဏ ဆက်ဆံရေး ပြတ်တောက်မှုများကြောင့် အမေရိကန်က တရုတ်သည် သဘောတူညီချက်ပါ စည်းကမ်းများကို ချိုးဖောက်သည်ဟု စွပ်စွဲခဲ့ကာ Nvidia AI ချစ်ပ်အပါအဝင် အမေရိကန်နည်းပညာများ ရောင်းချမှုကို ကန့်သတ်ခြင်းဖြင့် ကနဦးတုံ့ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။
ထပ်မံ၍ထရမ့်အစိုးရက တရုတ်ပိုင် သို့မဟုတ် တရုတ်ဦးစီးလုပ်ကိုင်သော သင်္ဘောများဖြင့် ပို့ဆောင်သည့် ကုန်စည်များကို မကြာမီ အခကြေးငွေ ကောက်ခံတော့မည်ဟု ကြေညာခဲ့သလို တရုတ်ကလည်း အမေရိကန်သင်္ဘောများကို အပြန်အလှန် ကြေညာခဲ့သည်။ တရုတ်နှင့် အမေရိကန်တို့၏ ယှဉ်ပြိုင်မှုတွင် လက်ရည်တူနေသော်လည်း ထရမ့်၏ ဆန္ဒအလျောက် အခွန်စည်းကြပ်မှုသည် ပြည်တွင်းတရားရုံး စီရင်ချက်တစ်ခုကြောင့် မကြာမီအဆုံးသတ်နိုင်ပြီး သမ္မတရှီတွင်မူ အလားတူ ကန့်သတ်ချက်များ မရှိကြောင်း CNN သတင်းတစ်ပုဒ်က ဖော်ပြထားပါသည်။
ရင်းမြစ်။ CNN