တရုတ်၏ လျှပ်စစ်မော်တော်ယာဉ်တင်ပို့မှုများကို ၂၀၂၆ ခုနှစ်မှစ၍ ပါမစ်ဖြင့်သာ ခွင့်ပြုတော့မည်

တရုတ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သောကြာနေ့က ထုတ်ပြန်ချက်အရ လျှပ်စစ် မော်တော်ကား ထုတ်လုပ်သူများသည် ၂၀၂၆ခုနှစ်၊  ဇန်နဝါရီ ၁ ရက်မှစ၍  ပို့ကုန်ပါမစ်ရယူရန်လိုကြောင်း ၊ လျှပ်စစ်နည်းပညာသုံး မော်တော်ယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် ကမ္ဘာ့လျှပ်စစ်မော်တော် ကားဈေးကွက်ကို ဦးဆောင်နိုင်ရန်အတွက် ဖြစ်ကြောင်း ဖော်ပြထားသည်။

တရုတ်သည် ကမ္ဘာ့အကြီးဆုံး မော်တော်ကား တင်ပို့ရောင်းချသည့်နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့်နှစ်က  ပြည်ပသို့ ကားအစီးရေ ၅.၅ သန်းခန့် ရောင်းချခဲ့ရာ ၄၀ % နီးပါးသည် လျှပ်စစ်ကားများဖြစ်ကြောင်း၊ အမေရိကန်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက တရုတ်လျှပ်စစ်ကားများအပေါ် အစိုးရ၏ ထောက်ပံ့မှုများ ရယူကာအသာစီး ရနေကြောင်းနှင့် အခွန်စည်းကြပ်ရန် ဆောင်ရွက်နေပါသည်။

မကြာသေးမီကလများအတွင်း တရုတ်အစိုးရက တရုတ်လျှပ်စစ်ကား ရောင်းလိုအားတိုးလာခြင်းနှင့် ဈေးနှုန်းကျဆင်းခြင်းတို့ကို ဖြေရှင်းရန်ကြိုးပမ်းခဲ့ပြီး လေ့လာသုံးသပ်သူများက လျှပ်စစ်ကားစျေးကွက်သည် “involution" ဟုခေါ်သော ကုမ္ပဏီများနှင့် စက်မှုလုပ်ငန်းများအကြား အဓိပ္ပာယ်မဲ့ယှဉ်ပြိုင်မှုများကြောင့် ထိခိုက်နေသည်ဟုဆိုသည်။ 

အထူးသဖြင့် လျှပ်စစ်ကားစျေးကွက် ဦးဆောင်သူ BYD က ယခုနှစ် အစောပိုင်းတွင် စျေးနှုန်းလျှော့ချခဲ့ရာ ပြိုင်ဘက်များကလည်း ဈေးနှုန်းအပြိုင်လျှော့ချခဲ့ကြသဖြင့် ဝေဖန်မှုများရှိခဲ့ပြီး Great Wall Motors ၏ ဥက္ကဋ္ဌ Wei Jianjun က ယခုလိုဆက်သွားပါက လျှပ်စစ်မော်တော်ကားကဏ္ဍသည် စိုးရိမ်ဖွယ်ဖြစ်ကြောင်း၊ သတိပေးခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ တရုတ်၏ပြည်တွင်း လျှပ်စစ်မော်တော်ကားကဏ္ဍသည် ၂၀၂၅ခုနှစ် ပထမနှစ်ဝက်တွင် အရောင်းရဆုံးစံချိန်တင်ခဲ့ပြီး ခရီးသည်တင်ယာဉ်ရောင်းချရမှု စုစုပေါင်း၏ ၅၀ % ကျော် ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။

ရင်းမြစ်။        https://apnews.com/article /china-electric-veh.