အလီဘာဘာက နိုင်ငံတကာကူးသန်းရောင်းဝယ်မှုတွင် ပထမဆုံး AI အေးဂျင့် စတင်မိတ်ဆက်
နိုင်ငံတကာ E-commerce ပလက်ဖောင်းဖြစ်သော Alibaba International က အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) အတွက် Accio Agent အမည်ရှိ ဉာဏ်ရည်တုကို စတင်မိတ်ဆက်ခဲ့ပြီး အချိန်တိုအတွင်း ကုန်ပစ္စည်းထုတ်လုပ်ခြင်းနှင့် ဈေးကွက်ကိုယ်စားလှယ် ရှာဖွေခြင်း အပါအဝင် စျေးကွက်သုတေသန၊ ထုတ်ကုန်များစီမံခန့်ခွဲခြင်း၊ ထုတ်ကုန်ရှေ့ပြေးပုံစံများဒီဇိုင်းဆွဲခြင်း၊ နိုင်ငံတကာစည်းမျဉ်းများအား ဝင်ရောက်ကြည့်ရှုခြင်းနှင့် စိတ်ချရသော အရောင်းကိုယ်စားလှယ်များ ရှာဖွေခြင်း စသည့် လုပ်ငန်းစဉ်အမျိုးမျိုးကို ခလုတ်တစ်ချက်နှိပ်ရုံဖြင့် လွယ်ကူစွာဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။
Accio Agent သည် လူသားများဆောင်ရွက်ရမည့် B2B ကုန်သွယ်မှုလုပ်ငန်းစဉ်များ၏ ၇၀ % ကို အလိုအလျောက် လုပ်ဆောင်ပေးနိုင်ပြီး၊ အထူးသဖြင့် လုပ်သားအင်အားနှင့် စွမ်းဆောင်ရည် အကန့်အသတ်ရှိသော အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) အတွက် အချိန်ကုန်သက်သာ ထိရောက်စွာ ဆောင်ရွက်နိုင်သော နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ လက်တွေ့ပြဿနာများအတွက် လက်တွေ့ဖြေရှင်းနည်း တစ်ခုဖြစ်ကြောင်း၊ မန်နေဂျာများ၊ ထုတ်ကုန်ဖန်တီးသူများ၊ အင်ဂျင်နီယာများနှင့် စျေးကွက်သုတေသီများကို Accio Agent မှ အလိုအလျောက် ရှာပေးသွားမည်ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ ကုန်ထုတ်လုပ်သူများအား စစ်တမ်းကောက်ယူပြီးမှ Accio ကို တီထွင်ခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီဒုတိယဥက္ကဌ Kuo Zhang မှပြောကြား ခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) များ၏ ၄၀ % သည် တစ်ဦးတည်းရှိသော လုပ်ငန်းများဖြစ်ကာ အချိန်၊ ရင်းမြစ်၊ လုပ်သားအင်အားတို့နှင့် ပတ်သက်၍ ကန့်သတ်ချက်များ ရေရှည်ကြုံတွေ့နေရကြောင်း စစ်တမ်းအရ သိရှိရပြီး AI အေးဂျင့်အသစ်က အဆိုပါ ကုမ္ပဏီများအား ရောင်းချရန် အခွင့်အလမ်းအသစ်များ ပေးစွမ်းနိုင်သည်ဟု ကုမ္ပဏီမှ ပြောကြားထားသည်။
နည်းပညာဆိုင်ရာသုတေသနကုမ္ပဏီ Coherent ၏ အချက်အလက်များကို ကိုးကား၍ Alibaba က E-commerce ကဏ္ဍ၏ AI အပေါ်မှီခိုမှုသည် ယခုနှစ်တွင် ဒေါ်လာ ၇.၆၈ ဘီလီယံ ရှိရာမှ နှစ်စဉ် ပျမ်းမျှတိုးတက်မှုနှုန်း ၂၅.၅ % ဖြင့် ၂၀၃၂ ခုနှစ်တွင် ဒေါ်လာ ၃၇.၇ ဘီလီယံအထိ တိုးလာမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုညီလာခံ၏ စစ်တမ်းများအရ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ E-commerce ကုန်သွယ်မှုပမာဏသည် စံချိန်တင်တန်ဖိုးဒေါ်လာ ၃၃ ထရီလီယံ အထိ ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ရင်းမြစ်။www.koreatimes.co.kr