သမ္မတထရမ့်၏ တိုးမြှင့်အကောက်ခွန်များကြားမှ ပြီးခဲ့သည့်သုံးလပတ်အတွင်း ၁ % တိုးတက်လာ သော ဂျပန်နိုင်ငံ၏ စီးပွားရေး
သမ္မတထရမ့်၏ တိုးမြှင့်အကောက်ခွန်များကြားမှ ပြီးခဲ့သည့်သုံးလပတ်အတွင်း ဂျပန်ပို့ကုန်များ မြင့်တက်ခဲ့မှုကြောင့် ဂျပန်နိုင်ငံ၏ စီးပွားရေးသည် မျှော်မှန်းထားသည်ထက်ပိုကာ ၁ % တိုးတက်ခဲ့ကြောင်း၊ ထရမ့်သည် ဂျပန်နိုင်ငံအပေါ် မူလကြေညာထားသော အကောက်ခွန်နှုန်း ၂၅ % မှ ၁၅ % သို့ ပြောင်းလဲသတ်မှတ်ခဲ့သော်လည်း အချို့ကုန်ပစ္စည်းများအတွက် အခွန်နှုန်းမှာ မြင့်မားဆဲဖြစ်ကြောင်း AP သတင်းဌာနက ဖော်ပြထားပါသည်။
ယခုနှစ် ပထမ ၃ လပတ်တွင် ဂျပန်၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) သည် ပြီးခဲ့ သည့် ၃ လပတ်ထက် ၀.၃ % တိုးတက်ခဲ့ကာ ၅ ကြိမ်ဆက်တိုက် တိုးတက်ခဲ့ကြောင်း၊ အမေရိကန် အကောက်ခွန်အသစ် မကျင့်သုံးမီ ၎င်း၏ ကုန်သွယ်ဘက်အချို့က ရက် ၉၀ ဆိုင်းငံ့ကာလအတွင်း သွင်းကုန်ခွန် ရှောင်လိုသဖြင့် တိုးမြှင့်တင်ပို့ခဲ့ခြင်း၊ GDP တွင် ထည့်သွင်းတွက်ချက်သည့် နိုင်ငံခြားခရီးသွားများ လာရောက်လည်ပတ်မှုတိုးလာခြင်း၊ ယခင်နှစ်ကထက် ငွေကြေးရင်းနှီးမြုပ်နှံမှု ၁.၃ % တိုးလာခြင်းတို့ကြောင့် ဂျပန်နိုင်ငံ၏ GDP တိုးတက်ခြင်းဖြစ်ကြောင်း၊ သို့သော် ပြည်တွင်းသုံးစွဲမှုမှာ နည်းပါပြီး ၀.၂ % သာ တိုးတက်ခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။
ပြီးခဲ့သည့်သုံးလပတ်တွင် မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်သော စီးပွားရေးအခြေအနေများကြောင့် ဂျပန်ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် ကြာမြင့်နေပြီဖြစ်သော သုညနီးပါး အတိုးနှုန်းကို မြှင့်တင်နိုင်ကြောင်း၊ ထရမ့်၏ အကောက်ခွန်တိုးမြှင့်မှုကလည်း ဂျပန်ဝန်ကြီးချုပ်အား ဖိအားဖြစ်စေခဲ့ကြောင်း ဖော်ပြထားပါသည်။
ရင်းမြစ်။ https://apnews.com/article/japan-tariffs-trum...