ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ခရစ်တိုငွေမှ ထိုင်းဘတ်ငွေသို့ လဲလှယ်နိုင်မည့် စနစ်ကို ထိုင်းအစိုးရ စတင်
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပြန်လည်တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ထိုင်းအစိုးရသည် ဩဂုတ်လ ၁၈ ရက်နေ့မှစ၍ နိုင်ငံခြားသားခရီးသွားများအား ခရစ်တိုငွေကြေးမှ ထိုင်းဘတ်ငွေသို့ ပြောင်းလဲသုံးစွဲနိုင်မည့် စနစ်တစ်ခု စတင်တော့မည်ဖြစ်ပါသည်။ ယခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကျဆင်းနေခြင်း အထူးသဖြင့် တရုတ်ခရီးသွားများ လာရောက်မှု ကျဆင်းခြင်းကြောင့် ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရန် စဉ်ဆက်မပြတ်သုံးသပ်မှုများ ဆောင်ရွက်ပြီးနောက် ထိုင်းအစိုးရက"TouristDigiPay" အစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်ပါသည်။
ငွေကြေးဈေးကွက်ကော်မရှင် (Securities and Exchange Commission-SEC) က စီးပွားရေးနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေမည့် ငွေကြေးနှင့် ဒီဂျစ်တယ်နည်းလမ်းများ အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ အများပြည်သူထံမှ အကြံပြုချက်များကို စစ်တမ်းကောက်ယူခဲ့ပါသည်။
အသစ်ထုတ်ပြန်သည့် စည်းမျဉ်းများအရ ဒီဂျစ်တယ်ငွေကြေးကို ဘတ်ငွေအဖြစ် ပြောင်းလဲသုံးစွဲလိုသော နိုင်ငံခြားသားခရီးသွားများအနေဖြင့် ငွေကြေးဈေးကွက်ကော်မရှင်နှင့် ထိုင်းဗဟိုဘဏ်တို့ ကြီးကြပ်ကွပ်ကဲနေသည့် ဒီဂျစ်တယ်ငွေကြေးစီးပွားရေးလုပ်ငန်းနှင့် e-money provider အကောင့်များ ဖွင့်လှစ်ရမည်ဖြစ်ပြီး စွန့်စားရမှုများ ရှောင်ရှားရန်နှင့် လိုအပ်သော စိစစ်မှုများ ဆောင်ရွက်နိုင်ရန်၊ ဒီဂျစ်တယ် ငွေကြေးဖြင့် တိုက်ရိုက်ငွေပေးချေခြင်းမှ တားဆီးကာကွယ်ရန် သီးခြားကွန်ပျူတာစနစ်ဖြစ်သော Sandbox အတွင်းမှသာ ငွေပေးချေနိုင်မည်ဖြစ်ပါသည်။
အဆိုပါဝန်ဆောင်မှုကို ထိုင်းနိုင်ငံသို့ ခေတ္တလာရောက်သည့် နိုင်ငံခြားသားခရီးသွားများသာ အသုံးပြုနိုင်ပြီး ပါဝင်လိုပါက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (Anti Money Laundering Office – AMLO) ၏ စံသတ်မှတ်ချက်များနှင့်အညီ ဝန်ဆောင်မှုရယူသူများ၏ အချက်အလက်များအားသိရှိခြင်း (Know Your Customer-KYC) နှင့် လိုအပ်ချက်များကိုက်ညီခြင်း (Customer Due Diligence-CDD) လုပ်ငန်းစဉ်တို့ကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အဆိုပါဝန်ဆောင်မှုအရ ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် ဒီဂျစ်တယ်ငွေကြေးများကို ဘတ်ငွေသို့ လဲလှယ်ခွင့်နှင့် QR code ဖတ်ပြီး အီလက်ထရောနစ်နည်းလမ်းဖြင့် ငွေပေးချေမှုများ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
ထိုင်းဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက e-money provider နှင့်ပူးပေါင်း၍ ကမ္ဘာလှည့်ခရီးသွား ပိုက်ဆံအိတ် (Tourist Wallet) ကို ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါဝန်ဆောင်မှုသည် နယ်စပ်ဖြတ်ကျော် QR ငွေပေးချေမှုဆိုင်ရာ သဘောတူညီချက် မရရှိသေးသော နိုင်ငံများမှ ခရီးသွားများအတွက် QR ကုဒ်ဖြင့် ငွေပေးချေမှုစနစ်သည် ပိုမိုလွယ်ကူစေမည်ဖြစ်ကြောင်း၊ အစပိုင်းတွင် အီလက်ထရောနစ်စနစ်ဖြင့် ငွေလဲလှယ်ခြင်းကို ဆောင်ရွက်ကာ နောက်ပိုင်းတွင် နိုင်ငံခြားသားများ၏ ငွေစုကဒ် (Debit)၊ ငွေပေးချေကဒ် (Credit) များနှင့် တိုက်ရိုက်ချိတ်ဆက်ရန် စီမံထားကြောင်း သိရှိရပါသည်။
ငွေကြေးခဝါချမှုကဲ့သို့သော ငွေကြေးပြစ်မှုများကို လျှော့ချနိုင်စေရန် ငွေပေးငွေယူကန့်သတ်ချက်များ ထားရှိမည်ဖြစ်ပြီး ကဒ်အသုံးပြုသောလုပ်ငန်းရှင်များသည် လစဉ်အကောင့်တစ်ခုလျှင် ဘတ်ငွေ ၅၀၀,၀၀၀ အများဆုံးသုံးစွဲနိုင်မည် ဖြစ်ပါသည်။ ကုန်သည်အငယ်များက တစ်လလျှင် ဘတ်ငွေ ၅၀,၀၀၀ သုံးစွဲနိုင်ပြီး AMLO ၏ လမ်းညွှန်ချက်များအရ ငွေကြေးခဝါချမှုအန္တရာယ် မြင့်မားသည်ဟု သတ်မှတ်ခံရသော လုပ်ငန်းများတွင် ငွေပေးချေမှုများကို တားမြစ်ထားမည်ဖြစ်ပါသည်။ ထို့အပြင် ခရီးသွားများအနေဖြင့် မိမိအကောင့်ကို ပိတ်သိမ်းမှသာ ငွေပြန်လည်ထုတ်ယူနိုင်မည်ဖြစ်ပြီး ငွေလက်ကျန်အတိုင်း ထုတ်ယူနိုင်သော ငွေစက္ကူထုတ်ယူမှု (Cash Withdrawal) နှင့် တူညီမည်မဟုတ်ကြောင်း ထိုင်းနိုင်ငံ သတင်းစာ The Nation တွင် ဖော်ပြထားပါသည်။
ရင်းမြစ်။ https://www.nationthailand.com/business/digital-assets/40054107