သီရိလင်္ကာ က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးမှုဆိုင်ရာ သဘောတူညီချက်ကို လက်ခံခဲ့ပြီး အဆိုပါသဘောတူညီချက်အသက်ဝင်ရန် ၄ နိုင်ငံသာ လိုအပ်

 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးမှုဆိုင်ရာ သဘောတူညီချက်အား သီရိလင်္ကာနိုင်ငံက လက်ခံကြောင်းအကြောင်းကြားစာကို သီရိလင်္ကာနိုင်ငံဆိုင်ရာ WTO သံအမတ်ကြီး R.G.S. Wijesekara မှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်ထံသို့ ဩဂုတ်လ ၆ ရက်နေ့တွင် ပေးအပ်ခဲ့ပါသည်။ 

ညွှန်ကြားရေးမှူးချုပ်က ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးခြင်းဆိုင်ရာ သဘောတူညီချက်မှတစ်ဆင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများသည် သမုဒ္ဒရာများအတွက် ရေရှည်တည်တံ့သော အနာဂတ်ဖြစ်စေနိုင်ရေး အတူတကွ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပါကြောင်း၊ သီရိလင်္ကာနိုင်ငံက အဆိုပါ သဘောတူညီချက်ကို လက်ခံခဲ့မှုအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ သဘောတူညီချက် အသက်ဝင်ရန် နောက်ထပ် ၄ နိုင်ငံမှ လက်ခံရန်သာလိုတော့ကြောင်း ပြောကြားခဲ့ပါသည်။

သီရိလင်္ကာနိုင်ငံဆိုင်ရာ WTO သံအမတ်ကြီး Wijesekara က သဘောတူညီချက်ကို လက်ခံနိုင်ခြင်းအတွက် ဝမ်းမြောက်ကြောင်း၊ ငါးလုပ်ငန်းကဏ္ဍသည် သီရိလင်္ကာနိုင်ငံ ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက်သာမက ယဉ်ကျေးမှု အမွေအနှစ်များအတွက်လည်း အရေးကြီးကြောင်း၊ အဆိုပါသဘောတူညီချက်ကို အတည်ပြုခြင်းဖြင့် ပြည်တွင်းဥပဒေများကို ပြန်လည်ချိန်ညှိရန်၊ တရားမဝင်၊ စာရင်းမှတ်ထားခြင်းမရှိ၊ ဥပဒေအရထိန်းကျောင်းခြင်းမရှိသည့် ငါးဖမ်းခြင်းများ (illegal, unreported and unregulated - IUU) အတွက် အထောက်အပံ့များကိုတားမြစ်ရန်နှင့် အလွန်အကျွံငါးဖမ်းမှုကို ကာကွယ်ရန်ဖြစ်ကြောင်း၊ သီရိလင်္ကာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် အနီးကပ်ပူးပေါင်း၍ ငါးလုပ်ငန်းဆောင်ရွက်သည့် နယ်ပယ်များ၏ စွမ်းဆောင်ရည် တည်ဆောက်နိုင်မည့် ရန်ပုံငွေမှ အကျိုးရလဒ်များ ခံစားနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ သဘောတူညီချက် အသက်ဝင်စေရန် WTO အဖွဲ့ဝင်နိုင်ငံများ၏ သုံးပုံနှစ်ပုံဖြစ်သော နိုင်ငံပေါင်း ၁၁၁ နိုင်ငံမှ တရားဝင်လက်ခံရန် လိုအပ်ပါသည်။ 

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ၁၂ ကြိမ်မြောက် ဝန်ကြီးများအဆင့်ညီလာခံ၌ တူညီဆန္ဒဖြင့် သဘောတူညီခဲ့သည့် ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးမှုဆိုင်ရာ သဘောတူညီချက်သည် ကမ္ဘာတစ်ဝန်းငါးလျော့နည်းလာစေသည့် အထောက်အပံ့များမပေးရေးအတွက် ကဏ္ဍစုံစည်းမျဉ်းသစ်များ ပြဋ္ဌာန်းထားပါသည်။ အဆိုပါ သဘောတူညီချက်တွင် တရားမဝင်၊ စာရင်းမှတ်ထားခြင်းမရှိ၊ ဥပဒေအရထိန်းကျောင်းခြင်းမရှိသည့် ငါးဖမ်းခြင်းများ (illegal, unreported and unregulated - IUU) အတွက် အထောက်အပံ့များကို တားမြစ်ခြင်း၊ ငါးလျော့နည်းလာစေသည့် အလွန်အကျွံငါးဖမ်းမှုကိုတားမြစ်ခြင်းနှင့် ကမ်းဝေးပင်လယ်ပြင်တွင် စည်းကမ်းလိုက်နာမှုမရှိသော ငါးဖမ်းခြင်းအတွက် အထောက်အပံ့များကို အဆုံးသတ်စေခြင်းတို့ ပါဝင်သည်။ 

ထို့အပြင် အဆိုပါသဘောတူညီချက်၏ တာဝန်များကို လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs) ၏ လိုအပ်ချက်များကို အသိအမှတ်ပြု၍ နည်းပညာဆိုင်ရာ အကူအညီထောက်ပံ့ပေးရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရန် ရန်ပုံငွေတစ်ရပ် ထူထောင်ထားပါသည်။

အဆိုပါရန်ပုံငွေ (Fish Fund) က သဘောတူညီချက်ကို လက်ခံထားသောဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဖွဲ့ဝင်များအား သဘောတူညီချက် အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေမည့် စီမံကိန်းများအဆိုပြုရန် ဇွန် ၆ ရက်နေ့က ဖိတ်ခေါ်ခဲ့ပါသည်။ လက်ရှိသဘောတူညီချက်ကို အဆင့်မြှင့်တင်ရေးအတွက် ပြင်ဆင်ပြဋ္ဌာန်းလိုသည့် အချက်များရရှိနိုင်ရေး အဖွဲ့ဝင်နိုင်ငံများက ဆက်လက်ညှိနှိုင်းလျက်ရှိပါသည်။

ရင်းမြစ်။        www.wto.org