ထရမ့်၏ အကောက်ခွန်စည်းကြပ်မှုက မည်သည့် အာရှနိုင်ငံများအပေါ် အကြီးမားဆုံး သက်ရောက်မှုရှိမလဲ

 

သမ္မတထရမ့်က ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် စတင်ကြေညာခဲ့သော အကောက်ခွန်နှုန်းများ တိုးမြှင့်မှုကြောင့် အာရှနိုင်ငံများရှိ စီးပွားရေးအပေါ် အထိခိုက်ဆုံးဖြစ်ခဲ့ပြီး အမေရိကန်၏ မဟာမိတ်ဂျပန် အပါအဝင် အမေရိကန်ဈေးကွက်သို့ တင်ပို့နေသော အရှေ့တောင်အာရှနိုင်ငံများသည် ညှိနှိုင်းမှု နောက်ဆုံးရက်ဖြစ်သော ဩဂုတ် ၁ ရက် မတိုင်မီ သဘောတူညီချက်များ ရရှိရန်ကြိုးပမ်းခဲ့ကြပါသည်။ 

အမေရိကန်၏ အာရှမဟာမိတ်နိုင်ငံများအပေါ် သက်ရောက်မှုများ

အမေရိကန်၏ အာရှမဟာမိတ်နိုင်ငံများသည် ဒေသတွင်းအခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ပိုမိုကောင်းမွန်သော အခြေအနေရှိပါသည်။

တောင်ကိုရီးယားနှင့် ဂျပန်

ဂျပန်နှင့် တောင်ကိုရီးယားတို့သည် အမေရိကန်အတွက် စစ်ရေးအရ အရေးပါသလို ၎င်းတို့ထုတ်လုပ်သည့် ကားများနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများကလည်း အမေရိကန်စားသုံးသူများအတွက် အရေးကြီးပါသည်။ ဧပြီလတွင် အမေရိကန်က တောင်ကိုရီးယားနှင့် ဂျပန် ထုတ်ကုန်များအပေါ် အကောက်ခွန် ၂၅ % တိုးမြှင့်ခဲ့ပြီး နှစ်ဖက်ညှိနှိုင်းမှုများအရ ဇူလိုင်လကုန်တွင် အကောက်ခွန်နှုန်းကို ၁၅ % အထိ လျှော့ချနိုင်ခဲ့ပါသည်။

ထိုင်ဝမ်

ကမ္ဘာ့အကြီးဆုံး တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သူနှင့် အမေရိကန်၏ အဓိကမဟာမိတ်ဖြစ်သော ထိုင်ဝမ်အပေါ် အမေရိကန်က အကောက်ခွန်နှုန်းကို ဧပြီလတွင် ၃၂ % သတ်မှတ်ရာမှ ၂၀ % အထိ လျှော့ချခဲ့ပါသည်။ သို့သော် ထိုင်ဝမ် ချစ်ပ်လုပ်ငန်းအား သီးခြား အခွန်စည်းကြပ်မှု ရှိ/မရှိ မှာ မရှင်းလင်းသေးဘဲ အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်နေသောကြောင့် လက်ရှိနှုန်းထားမှာ ယာယီဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ Lai Ching-te က ပြောကြားထားပါသည်။

သြစတြေးလျ

သြစတြေးလျအပေါ် အမေရိကန်က ဧပြီလတွင် သတ်မှတ်ခဲ့သော အကောက်ခွန်နှုန်း ၁၀ % အား ယခု အချိန်ထိ တိုးမြှင့်ခြင်းမရှိသေးသော်လည်း အိမ်နီးချင်း နယူးဇီလန်အပေါ် အကောက်ခွန်နှုန်းကို ၁၀ % မှ ၁၅ % ထိ တိုးမြှင့်ခဲ့ပါသည်။ နယူးဇီလန်ကုန်သွယ်ရေးဝန်ကြီး Todd McClay က အမေရိကန်နှင့် အကောက်ခွန် လျှော့ချရန် ဆွေးနွေးလိုကြောင်း တောင်းဆိုထားပါသည်။

တရုတ်နှင့် အိန္ဒိယ

တရုတ်သည် အမေရိကန်နှင့် ၃ ကြိမ်အထိ ညှိနှိုင်းခဲ့ပြီးသော်လည်း သဘောတူညီမှုမရရှိသေးပဲ စီးပွားရေးကျွမ်းကျင်သူများအဆိုအရ တရုတ်သည် ၎င်း၏မြေရှားသတ္တုကို ပို့ကုန်ထိန်းချုပ်ထားပြီး အမေရိကန်၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် လဲလှယ်နိုင်ကြောင်း၊ အမေရိကန်ဘက်ကလည်း တရုတ်၏ fentanyl ထုတ်လုပ်မှုကို တားမြစ်ရန်၊ အမေရိကန်ကုမ္ပဏီများအတွက် စျေးကွက်ဝင်ရောက်မှု မြှင့်တင်ရန်၊ အမေရိကန်ကုန်စည်များနှင့် စိုက်ပျိုးရေးထွက်ကုန်များကို တရုတ်မှ ပိုမိုဝယ်ယူရန်နှင့် အမေရိကန်တွင် တရုတ် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန် တွန်းအားပေးနိုင်ကြောင်း သုံးသပ်ထားပါသည်။ လက်ရှိတွင် နှစ်ဖက်စလုံးမှ ကုန်သွယ်ရေးတင်းမာမှုများ လျှော့ချရန် ရက် ၉၀ သက်တမ်းတိုးထားပြီး  သြဂုတ် ၁၂ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။

အိန္ဒိယအား အမေရိကန်က “မိတ်ဆွေကောင်း” ဟု ခေါ်ဝေါ်သုံးစွဲနေသော်လည်း အိန္ဒိယနှင့် ရုရှားတို့၏  စီးပွားဆက်ဆံရေးအခြေအနေများကြောင့် ဧပြီလ၏ ကနဦး အကောက်ခွန် ၂၇ % အစား ၅၀ % သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်းနှင့် နှစ်နိုင်ငံကြား အဆိုးဝါးဆုံးဆက်ဆံရေးဖြစ်ကြောင်း သိရှိရပါသည်။

အာဆီယံနိုင်ငံများအကြား ကွဲပြားသော ရလဒ်များ

အမေရိကန်၏ နောက်ဆုံးထုတ်ပြန်ကြေညာချက်အရ အာဆီယံဒေသအတွင်း နိုင်ငံများသည် ကွဲပြားသော ရလဒ်များ ရရှိနေပါသည်။ အီလက်ထရောနစ်ပစ္စည်းများ တင်ပို့ရောင်းချသည့် ထိုင်းနှင့် ဗီယက်နမ်၊ ချစ်ပ် ထုတ်လုပ်သည့် မလေးရှား နှင့် အထည်ချုပ်သည့် ကမ္ဘောဒီးယား တို့အား မူလက အကောက်ခွန် ၄၉ % ချမှတ်ခဲ့ပြီး ညှိနှိုင်းမှုများပြီးနောက် ဗီယက်နမ် အား အကောက်ခွန်နှုန်း ၂၀ % သို့ လည်းကောင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ထိုင်း အပါအဝင် နိုင်ငံအများစုအား အကောက်ခွန် ၁၉ % မှ ၂၀ % အထိလည်းကောင်း၊ ဘရူနိုင်းအား အကောက်ခွန် ၂၅ % သို့ လည်းကောင်း သတ်မှတ်ထားကြောင်း နောက်ဆုံးထုတ်ပြန်ချက်များအရ သိရှိရပါသည်။

လာအို နှင့် မြန်မာနိုင်ငံ အပေါ် ဒုတိယအမြင့်ဆုံး အကောက်ခွန်နှုန်းဖြစ်သော ၄၀ % သတ်မှတ်ထားပြီး စင်္ကာပူကို မူလသတ်မှတ်ချက် ၁၀ % အတိုင်း အပြောင်းအလဲမရှိ သတ်မှတ်ထားကြောင်း သိရှိရပါသည်။

ဒေသတွင်းရှိအခြားနိုင်ငံများ၏ အကောက်ခွန်နှုန်းနှင့် ကုန်သွယ်ရေးအခြေအနေ

ထရမ့်၏ဒုတိယသက်တမ်းတွင် အမေရိကန်နှင့် ဆက်ဆံရေးပိုမိုကောင်းမွန်လာသော ပါကစ္စတန် အပေါ် အရှေ့တောင်အာရှအတွင်း အနိမ့်ဆုံး အကောက်ခွန် ၁၉ % သတ်မှတ်ထားပါသည်။ နိုင်ငံ၏ စုစုပေါင်း ပို့ကုန်များအနက် အထည်အလိပ်တင်ပို့မှုမှာ ၆၀ % ပါဝင်ပြီး အများစုမှာ အမေရိကန်သို့ တင်ပို့နေသဖြင့် အဓိကပြိုင်ဖက်များဖြစ်သည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဗီယက်နမ် တို့ထက် ပိုမိုယှဉ်ပြိုင်နိုင်ကာ ပါကစ္စတန်၊ အထည်အလိပ်လုပ်ငန်း ပိုမိုတိုးတက်နိုင်ကြောင်း သုံးသပ်ထားပါ သည်။

အာဖဂန်နစ္စတန်၊ ဖီဂျီ၊ နာရူးနှင့် ပါပူအာနယူးဂီနီ တို့အား အနိမ့်ဆုံး အကောက်ခွန် ၁၅ % ကိုလည်း ကောင်း၊ ကာဇက်စတန် အား အကောက်ခွန် ၂၅% ကိုလည်းကောင်း၊ အိမ်ဖြူတော်မှ ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့် Executive Order တွင် လက်ရှိ အခွန်နှုန်းထားများသည် ဆွေးနွေးမှုများနှင့် ပြောင်းလဲနေသောအခြေအနေများအရ သမ္မတက မွမ်းမံပြင်ဆင်နိုင်ကြောင်း ဖော်ပြထားပါသည်။

ရင်းမြစ်။        www.bbc.com