တရုတ်-အမေရိကန် ကုန်သွယ်ရေးညှိနှိုင်းမှုများသည် အသေးစိတ်၊ ပွင့်လင်းပြီး အပြုသဘောဆောင် ကြောင်း တရုတ် စီးပွား/ကူးသန်း ဒုတိယဝန်ကြီး ပြောကြား

 

ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင် ဇူလိုင်လ ၂၈ ရက်နေ့မှစ၍ ကျင်းပခဲ့သော တတိယအကြိမ် တရုတ်-အမေရိကန် ကုန်သွယ်ရေးညှိနှိုင်းမှုများသည် နှစ်ဖက်စိတ်ဝင်စားသည့် ကိစ္စရပ်များအပေါ် အသေးစိတ်၊ ပွင့်လင်းပြီး အပြုသဘောဆောင်ဆွေးနွေးခဲ့ကြောင်း တရုတ်ကိုယ်စားလှယ်အဖွဲ့ဝင်၊ စီးပွား/ကူးသန်း ဒုတိယဝန်ကြီး Li Chenggang မှ ၂၉ ရက်နေ့၊ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

နှစ်ဖက်ဆွေးနွေးမှုများတွင် အမေရိကန်၏ အကောက်ခွန် ၂၄ % နှင့် တရုတ်ဘက်မှ တန်ပြန်နည်းလမ်းများအား ခေတ္တဆိုင်းငံ့ထားမှုကို ဆက်လက်သက်တမ်းတိုးရန် တွန်းအားပေး ဆွေးနွေးခဲ့ကြကြောင်း၊ တရုတ်-အမေရိကန် စီးပွားရေးဆက်ဆံမှုများ တည်ငြိမ်ပြီး ခိုင်လုံရန် အရေးကြီးကြောင်း နှစ်ဖက်စလုံးက သိရှိသဖြင့် နှစ်က်စိတ်ဝင်စားသော ကုန်သွယ်မှုနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ကြောင်း၊ ၁ ရက်ခွဲကြာ ညှိနှိုင်းမှုကာလအတွင်း ဂျီနီဗာနှင့် လန်ဒန်တို့၌ သဘောတူညီချက်များအား  အကောင် အထည်ဖော်မှုကို ပြန်လည်သုံးသပ်ပြီး တိုးတက်မှုအတွက် အပြည့်အဝ ထောက်ခံခဲ့ကြကြောင်း၊ နှစ်ဖက်ကုန်သွယ်ရေးအဖွဲ့များသည် နီးကပ်သော ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး အချိန်နှင့်တစ်ပြေးညီ အပြန်အလှန်ဖလှယ်မှုများပြုလုပ်ကာ နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေး တည်ငြိမ်တိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Li Chenggang ကပြောကြားခဲ့ကြောင်း တရုတ်သတင်းစာ ဆင်ဟွာတွင် ဖော်ပြထားပါသည်။

အခြားရင်းမြစ်များအရ လက်ရှိ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ ယာယီရပ်ဆိုင်းမှုသည် လာမည့် ဩဂုတ်လ ၁၂ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ရာ ဒုတိယအကြိမ် ကုန်သွယ်ရေးစစ်ပွဲ ယာယီရပ်ဆိုင်းမှုကို နောက်ထပ်ရက်ပေါင်း ၉၀ တိုးမြှင့် သတ်မှတ်နိုင်ကြောင်းနှင့် အဆိုပါကာလအတွင်း သဘောတူညီချက်ရရှိနိုင်ကြောင်း ဖော်ပြထားပါသည်။

ရင်းမြစ်။        https://english.news.cn/