ထရမ့်အစိုးရက အာဖရိကနှင့် ကာရေဘီယံဒေသရှိနိုင်ငံများအပါအဝင် နိုင်ငံငယ်များအပေါ်၌ အကောက်ခွန် ၁၀ % ကျော်သာကောက်ခံမည်

 

အာဖရိကနှင့်ကာရေဘီယံဒေသရှိ နိုင်ငံများအပါအဝင် နိုင်ငံငယ်များမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန် ၁၀ % ကျော် ကောက်ခံမည်ဖြစ်ကြောင်း၊ အနည်းဆုံးနိုင်ငံပေါင်း ၁၀၀ အကျုံးဝင်မည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသည်။

စီးပွား/ကူးသန်းဝန်ကြီး Howard Lutnick က ယခုအခွန်နှုန်းထားများဖြင့် ကောက်ခံမည့်နိုင်ငံများမှာ အမေရိကန်နှင့် ကုန်သွယ်မှုပမာဏ အနည်းငယ်သာရှိသော အာဖရိကနှင့် ကာ​ရေဘီယံဒေသများ ဖြစ်ပြီး ဒေါ်နယ်ထရမ့်၏ ရည်ရွယ်ချက်ဖြစ်သော ကမ္ဘာ့ကုန်သွယ်မှု မျှခြေမညီခြင်းပြဿနာကို ဖြေရှင်းရန်အတွက် သိသိသာသာအထောက်အကူမဖြစ်သော နိုင်ငံများဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ယခုလအတွင်းထရမ့်က နိုင်ငံပေါင်း ၂၀ ကျော်နှင့် ဥရောပသမဂ္ဂထံသို့ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁ ရက် နေ့မှစတင်၍ အကောက်ခွန်အသစ် ကောက်ခံမည်ဖြစ်ကြောင်း စာဖြင့်အကြောင်းကြားခဲ့ပြီး ဧပြီလ ၂ ရက်နေ့တွင် ကြေညာခဲ့သော အကောက်ခွန်နှုန်းထားများနှင့် အနီးစပ်ဆုံးနှုန်းများကို ပေးဆောင်ရမည်ဖြစ်ပါသည်။ ထရမ့်က ရက် ၉၀ ညှိနှိုင်းရေးကာလသတ်မှတ်ခဲ့ပြီး ၎င်းသည် ဇူလိုင် ၉ ရက်နေ့တွင် ကုန်ဆုံးခဲ့ပါသည်။ 

ထရမ့်က ဇူလိုင်လကုန်တွင် ဆေးဝါးတင်သွင်းမှုအပေါ် အကောက်ခွန်ကိုကြေညာမည် ဖြစ်ကြောင်း၊ ပြည်တွင်းလုပ်ငန်းရှင်များ လုပ်ငန်းများတည်ဆောက်နိုင်ရန် အကောက်ခွန်နှုန်း  အနိမ့်ဖြင့် တစ်နှစ်ကြာ စတင်ကောက်ခံမည်ဖြစ်ကြောင်းနှင့် ကွန်ပျူတာချစ်ပ်များကိုလည်း အလားတူပုံစံ အကောက်ခွန် ကောက်ခံသွားဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု AP သတင်းဌာနကဖော်ပြထားပါသည်။

ရင်းမြစ်။        https://apnews.com