ထိုင်းနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးဌာနက ထိုင်းပစ္စည်းများအား အမေရိကန်ကုန်စုံဆိုင်များ ဝယ်ယူနိုင်ရေး ကူညီ
ထိုင်း၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဌာနက အမေရိကန်တွင် ထိုင်း၊ စားသောက်ကုန်များ ပိုမိုကျယ်ပြန့်စွာရောင်းချနိုင်ရေး အာရှကုန်စည်များရောင်းချသည့် အမေရိကန်ထိပ်တန်း Chain ဖြစ်သော H Mart နှင့် ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ပါသည်။ ယခုပူးပေါင်းမှုသည် ထိုင်းပို့ကုန်တိုးမြှင့်ရေး၊ ထိုင်းအမှတ်တံဆိပ်များ ပိုမိုကျယ်ပြန့်စေရေးနှင့် ထိုင်း၊ အွန်လိုင်း လက်လီပလပ်ဖောင်း Topthai အား H Mart ၏ အွန်လိုင်းနည်းလမ်းများတွင် ရောင်းချနိုင်ရေးတို့အတွက် ဖြစ်ပါသည်။
ထိုင်း၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဌာန၊ ညွှန်ကြားရေးမှူးချုပ် Sunanta Kang valkulkij က H Mart သည် ၂၀၂၅ ခုနှစ်အတွင်း ဆိုင်ခွဲအသစ် ၃ ခု ဖွင့်လှစ်ရန် စီစဉ်နေသောကြောင့် ထိုင်းပစ္စည်းများ ဝယ်လိုအား မြင့်မားလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
H Mart သည် ထိုင်းမှ စံပယ်ရနံ့ဆန်၊ အုန်းရေ၊ အုန်းနို့နှင့် အပူပိုင်းဒေသ သစ်သီးဖျော်ရည်များ ဝယ်ယူနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဌာန၏ ပံ့ပိုးကူညီမှုကို တောင်းခံထားကာ အခွန်စည်းကြပ်မှုများကြားမှ ထိုင်းအစိုးရက အမေရိကန်လက်လီစျေးနှုန်းများကို မထိခိုက်စေရန် ကူညီသွားမည်ဟု သိရပါသည်။
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဌာနက နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်တွင် ရောင်းချနေသော Topthai မှတဆင့် ထိုင်းပစ္စည်းများကို ပူးတွဲပရိုမိုးရှင်းများဖြင့် ရောင်းချရန် ဆွေးနွေးခဲ့ကြောင်း၊ ယမန်နှစ် သြဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဌာနနှင့် H Mart တို့ပူးပေါင်း၍ ထိုင်း စံပယ်ရနံ့ဆန်၊ အုန်းရေနှင့် မုန့်မျိုးစုံကို အရောင်းမြှင့်တင်ခဲ့ရာ ဘတ်ငွေ ၈.၄ သန်းကျော် ရောင်းချခဲ့ရကြောင်း၊ ထို့ပြင် ၂၀၂၆ ခုနှစ်တွင် နယူးယောက်၌ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးရုံးမှ ဦးဆောင်ကျင်းပမည့် Thaifex-Anuga Asia သို့ H Mart မှ အမှုဆောင်အရာရှိများအား ဖိတ်ကြားခဲ့ကြောင်း သိရပါသည်။
H Mart သည် အမေရိကန်ရှိ ပြည်နယ် ၁၆ ခုတွင် လည်ပတ်နေပြီး ယခုနှစ်ကုန်တွင် ရုံးခွဲ ၈၇ ခုအထိ တိုးချဲ့သွားရန် ရည်မှန်းထားကြောင်း၊ ၎င်းသည် ထိုင်းမှ ပင်လယ်စာ၊ အေးခဲထားသော သစ်သီးဝလံများ၊ သစ်သီးခြောက်များ၊ စံပယ်ရနံ့ဆန်၊ ခေါက်ဆွဲ၊ ခေါက်ဆွဲခြောက်၊ ငံပြာရည်၊ အချဉ်ရည်၊ မုန့်မျိုးစုံနှင့် အသင့်စား အစားအစာများ အပါအဝင် ကုန်ပစ္စည်းမျိုးစုံ တင်သွင်းလျက်ရှိပြီး ကုမ္ပဏီ၏ နှစ်စဉ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁.၂-၁.၅ ဘီလီယံ ခန့်ရှိကြောင်း သိရှိရပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Jatuporn Buruspat သည် ဇူလိုင် ၁၉ ရက်မှ ၂၂ ရက် အတွင်း "Thai Select" စားသောက်ဆိုင်များကို မြှင့်တင်ရန် လာရောက်မည့် မင်းသမီး Ubolratana ကို ကြိုဆိုရန်အတွက် နယူးယောက်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
ရင်းမြစ်- www.bangkokpost.com