ပြည်တွင်း စားအုန်းဆီ ထုတ်လုပ်မှု တိုးလာသဖြင့် မလေးရှား၏ ဆီအုန်းပင်ပေါက် အများဆုံး ဝယ်ယူသူ ဖြစ်လာသော အိန္ဒိယ
အိန္ဒိယသည် ပြည်တွင်းစားအုန်းဆီထုတ်လုပ်မှု မြှင့်တင်ရန်နှင့် သွင်းကုန်အပေါ် မှီခိုမှုကိုလျှော့ချရန် ကြိုးပမ်းနေသောကြောင့် မလေးရှားမှ ဆီအုန်းပင်ပေါက် အများဆုံး ဝယ်ယူသည့်နိုင်ငံဖြစ်လာကြောင်း အိန္ဒိယသတင်းစာ The Economic Times က ဖော်ပြထားပါသည်။
အိန္ဒိယသည် ၂၀၂၄ ခုနှစ်တွင် မလေးရှား စားအုန်းဆီ တင်ပို့မှု စုစုပေါင်း၏ ၁၇.၉ % ဖြစ်သော တန်ချိန် ၃.၀၃ သန်း တင်သွင်းခဲ့ကာ ထိပ်တန်းနေရာတွင် ရပ်တည်ခဲ့ကြောင်း၊ အိန္ဒိယသည် ပြည်တွင်းထုတ်လုပ်မှု တိုးချဲ့ရန် အားပေးနေသဖြင့် မလေးရှားမှ ဆီအုန်းပင်ပေါက် ဝယ်လိုအား သိသိသာသာ တိုးလာနေကြောင်း မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (Palm Oil Board) ၊ ညွှန်ကြားရေးမှူးချုပ် Ahmad Parveez Ghulam Kadir က ပြောကြားခဲ့ပါသည်။
အိန္ဒိယအစိုးရ၏ ဆီမျိုးစုံနှင့် စားအုန်းဆီ အစီအစဉ်အရ ၂၀၂၅ -၂၀၂၆ ခုနှစ်တွင် ဆီအုန်းစိုက်ပျိုးမှုကို ဟက်တာ ၁ သန်းအထိ တိုးချဲ့ရန်နှင့် ၂၀၂၉ -၂၀၃၀ ခုနှစ်တွင် ဆီအုန်းကုန်ကြမ်း တန်ချိန် ၂.၈ သန်း နီးပါး ရရှိရန် မျှော်မှန်းထားပါသည်။ လက်ရှိတွင် ဆီအုန်းဟက်တာ ၃၇၀,၀၀၀ ကို အရှေ့မြောက်ပြည်နယ်များနှင့် ကျွန်းများတွင် စိုက်ပျိုးထားရှိပါသည်။
ဆီအုန်းပင်ပေါက်ကုန်သွယ်မှုမှာ များသောအားဖြင့် တရားဝင်မဟုတ်ဘဲ စာချုပ်စာတမ်း သို့မဟုတ် သဘောတူညီချက်မပါသော တစ်ကြိမ်တည်း တင်ပို့မှုများဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် မလေးရှား ပို့ကုန်လုပ်ငန်းရှင်များက စိုက်ပျိုးရေးပစ္စည်းများနှင့် နည်းပညာကို ပံ့ပိုးပေးကြောင်း၊ ယခုကိစ္စမှာ မလေးရှားပျိုးပင်များ၏ အရည်အသွေးကို ယုံကြည်မှု နှင့် နှစ်ပေါင်းကြာရှည်နေသော မလေးရှား-အိန္ဒိယ ခင်မင်မှုကို ထင်ဟပ်နေသောကြောင့် ကြိုဆိုကြောင်း၊ အိန္ဒိယက ဆီအုန်း ကုန်ကြမ်းအပေါ် အခွန်လျှော့ချခဲ့သော်လည်း မလေးရှား၏ စားအုန်းဆီ တင်ပို့မှုမှာအလယ်အလတ်သို့ ကျဆင်းခဲ့ပြီး ဆီအုန်းပင်ပေါက် တင်ပို့မှုမှာ တိုးတက်လာကြောင်း၊ စားအုန်းဆီတင်ပို့မှု ကျဆင်းခဲ့သော်လည်း မလေးရှားသည် အိန္ဒိယ၏ အဓိကတင်ပို့သူအဖြစ် ဆက်လက်တည်ရှိနေပြီး အိန္ဒိယသည် အရေးကြီးသော ဈေးကွက်တစ်ခုဖြစ်ကြောင်း Kadir က ပြောကြားခဲ့ပါသည်။
မလေးရှားသည် ဝယ်လိုအားများသော စားသောက်ကုန်ထုတ်လုပ်ရေးနှင့် ဟိုတယ်ခရီးသွားလုပ်ငန်းများတွင် ပိုမိုခိုင်မာရန် လုပ်ငန်းရှင်များအား တိုက်တွန်းနေပြီး မလေးရှား စားအုန်းဆီစံချိန်စံညွှန်းအတိုင်း စားအုန်းဆီထုတ်လုပ်မှုမြှင့်တင်ရန် ဆောင်ရွက်နေပါသည်။ မလေးရှားစားအုန်းဆီဘုတ်အဖွဲ့က နှစ်စဉ် ၁ ဟတ်တာလျှင် တန် ၃၀ ထုတ်လုပ်နိုင်သော မျိုးအသစ်ကို စိုက်ပျိုးပြီး ၂၀၂၀-၂၀၂၃ ခုနှစ်များ အတွင်း ပြည်တွင်းထုတ်လုပ်မှုကို ၂ ဆ တိုးနိုင်ခဲ့ကြောင်း၊ အပင်သက်တမ်းမှာလည်း ၂၅ နှစ်မှ နှစ် ၃၀ ကျော်ရှိကြောင်း၊ အိန္ဒိယနှင့်လည်းကိုက်ညီကြောင်း၊ ရာသီဥတုဒဏ်နှင့်မိုးခေါင်မှုဒဏ်ခံနိုင်သည့် မျိုးစေ့များလည်း သုတေသနပြုနေကြောင်း Kadir က ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ https://economictimes.indiatimes.com/news/economy/foreign-trade