အင်ဒိုနီးရှား၏ လုပ်သားအင်အားအသုံးပြု စက်မှုလုပ်ငန်းများ မြှင့်တင်နိုင်ရေး အမေရိကန်မှ အကောက်ခွန်နှုန်း လျှော့ချပေးမည်
အင်ဒိုနီးရှားသည် အမေရိကန်၏ အကောက်ခွန်စည်းကြပ်မှုအသစ်အတွက် မူလ ၃၂ % မှ ၁၉ % အထိ လျှော့ချရန် သဘောတူညီချက် ရရှိပြီးဖြစ်ကြောင်း၊ နှစ်နိုင်ငံ သမ္မတ ၂ ဦးကြား တိုက်ရိုက် ဆွေးနွေးမှုများအပြီး ယင်းကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း၊ ဆွေးနွေးမှုများကို စီးပွားရေးရာ ညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto ဦးဆောင်၍ ဧပြီလမှ စတင်ဆောင်ရွက်ခဲ့ကာ အခြား ဒေသတွင်းနိုင်ငံများထက် အင်ဒိုနီးရှားက စော၍ သဘောတူညီချက်ကို အဆုံးသတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၊ The Jakarta Post သတင်းစာက ဖော်ပြထားပါသည်။
အဆိုပါသဘောတူညီချက်သည် ကမ္ဘာ့ဈေးကွက်တွင် ပြိုင်ဆိုင်မှုပြင်းထန်သော အင်ဒိုနီးရှား၏ လုပ်သားအင်အားအများဆုံးကဏ္ဍများဖြစ်သည့် အထည်ချုပ်နှင့် ဖိနပ်လုပ်ငန်းများအတွက် သိသာထင်ရှားသော ရလဒ်တစ်ခုဖြစ် ကြောင်း၊ အင်ဒိုနီးရှား ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အင်ဒိုနီးရှား၏ ဒုတိယအကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်သည့် အမေရိကန်သို့ ပိုမိုယှဉ်ပြိုင်နိုင်စွာ တင်ပို့နိုင်မည် ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုသေချာစေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုများပြားလာခြင်းနှင့် အင်ဒိုနီးရှားသို့ စက်မှုလုပ်ငန်းများပြောင်းရွှေ့ ရောက်ရှိလာခြင်း စသည့် အကျိုးအမြတ်များရရှိမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပြည်တွင်းလုပ်ငန်းများကို အကာအကွယ်ပေးကာ ကမ္ဘာ့စီးပွားရေး အခက်အခဲကာလများတွင် အလုပ်သမားလျှော့ချခြင်းများ မရှိရန် ဆောင်ရွက်ရမည်ဟု တာဝန်ရှိသူ များက ပြောကြားခဲ့သည်။
ယခုသဘောတူညီချက်သည် အင်ဒိုနီးရှား၏ လုပ်သားအင်အားအသုံးပြုရသည့် ကုန်စည်များအပြင် အဓိက ပို့ကုန်ဖြစ်သည့် စားအုန်းဆီကဲ့သို့ ကုန်စည်များအတွက်လည်း အကျိုးရှိနိုင်ကြောင်း၊ အမေရိကန်၏ စိုက်ပျိုးရေးထွက်ကုန်များ၊ စက်ပစ္စည်းများ၊ စွမ်းအင်ဆိုင်ရာကုန်စည်များနှင့် လေကြောင်းဆိုင်ရာ ပစ္စည်းများကို အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့ရာတွင်လည်း နှစ်ဦးနှစ်ဖက် အကျိုးစီးပွားဖြစ်ထွန်းစေနိုင်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ထားသည်။
အင်ဒိုနီးရှားအစိုးရက ယခုအောင်မြင်မှုအား ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များတွင် အင်ဒိုနီးရှား၏ အခန်းကဏ္ဍကို ပိုမိုအားကောင်းလာစေသည့် အစိတ်အပိုင်းအဖြစ် ရှုမြင်ကြောင်း၊ သမ္မတ Prabowo ၏ အမျိုးသားစီးပွားရေးအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွင် ပြည်တွင်းစက်မှုလုပ်ငန်း များ၏ ခံနိုင်ရည်ရှိမှု အရေးကြီးမှုကြောင်းကို ဖော်ပြထားပြီး၊ အင်ဒိုနီးရှားသည် ကုန်သွယ်မှု ညှိနှိုင်းမှုများနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် စျေးကွက်ဝင်ရောက်မှုကို ချဲ့ထွင်ရန် ဆက်လက်ကြိုးပမ်းနေကြောင်း၊ အကောက်ခွန်လျှော့ချခြင်းနှင့် ကမ္ဘာတစ်ဝန်း ပူးပေါင်း ဆောင်ရွက်မှုများက ပြည်တွင်းစက်မှုလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရုံသာမက ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုကိုပါ အထောက်အကူပြုမည်ဖြစ်ကြောင်း The Jakarta Post သတင်းစာက ဖော်ပြထားပါ သည်။
ရင်းမြစ်။ www.thejakartapost.com