ငါးရှဥ့် မျိုးစိတ်အားလုံးအတွက် နိုင်ငံတကာကုန်သွယ်မှုစည်းမျဉ်းများ အဆိုပြုလိုက်သည့် အီးယူ

 

ဂျပန်ငါးရှဥ့်အပါအဝင် ငါးရှဥ့်မျိုးစိတ်အားလုံးကို နိုင်ငံတကာကုန်သွယ်မှုကွန်ဗန်းရှင်း၏ ကုန်သွယ်မှုစည်းမျဉ်းများနှင့်အညီ ပြုလုပ်ရန် ဥရောပသမဂ္ဂ (EU) က အဆိုပြုခဲ့ပါသည်။ မျိုးတုန်းပျောက်ကွယ်နိုင်သည့် တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များအတွက် နိုင်ငံတကာကုန်သွယ်မှု ကွန်ဗန်းရှင်း၊ အတွင်းရေးမှူးအဖွဲ့သို့ အီးယူနှင့်ဒိုမီနီကန်သမ္မတနိုင်ငံအပါအဝင် နိုင်ငံအချို့က အဆိုပြုချက်တင်သွင်းခဲ့ကြောင်း၊ စာရင်းမသွင်းထားသော ငါးရှဥ့်မျိုးစိတ်အားလုံးကို ကွန်ဗန်းရှင်း၏ ကုန်သွယ်မှုထိန်းချုပ်မှုအောက်တွင် ထားရှိရန် အီးယူက တောင်းဆိုထားကြောင်း NHK သတင်းဌာနက ဖော်ပြထားပါသည်။

အဆိုပြုချက်ကို ကွန်ဗန်းရှင်းအဖွဲ့ဝင်များက နို၀င်ဘာလတွင် ဥဇဘက်ကစ္စတန်၌ ကျင်းပမည့် အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း၊ အကယ်၍ အစည်းအဝေးက ခွင့်ပြုလျှင် ငါးရှဥ့်မျိုးစိတ်များအား နိုင်ငံတကာကုန်သွယ်ရာတွင် ပို့ကုန်နိုင်ငံများက ပါမစ်ထုတ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ငါးရှဥ့်များ ကာကွယ်ရန် လှုပ်ရှားမှုများစွာ ဆောင်ရွက်ခဲ့ကြပြီး ၂၀၀၉ ခုနှစ်ကစ၍ ကွန်ဗန်းရှင်းအဖွဲ့ဝင်များက ဥရောပ၏ ငါးရှဥ့်ကုန်သွယ်မှုတွင် စည်းမျဉ်းများအတိုင်း ဆောင်ရွက်ခဲ့ကြောင်း၊ ငါးရှဥ့်ကုန်သွယ်မှု၌ ပွင့်လင်းမြင်သာမှုမရှိဟု အီးယူ၏ ထောက်ပြချက်အရ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့ငါးရှဉ့် ကုန်သွယ်မှုကို လေ့လာခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

ရင်းမြစ်။        www3.nhk.or.jp