OPEC+ ၏ ထုတ်လုပ်မှုတိုးမြှင့်နိုင်ခြေကြောင့် ရေနံစျေးနှုန်းကျဆင်းမည်ဟု ခန့်မှန်းချက်ထက်စော၍ ရေနံဈေးကျဆင်း

 

ယခုသီတင်းပတ်တွင် ကျင်းပမည့် OPEC+ အစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံများက ထုတ်လုပ်မှုမြှင့်တင်ရန် ဆုံးဖြတ်လာနိုင်ခြေကြောင့် ရေနံရှယ်ယာစျေး (Futures) အနည်းငယ်ကျဆင်းသွားခဲ့သည်။ Brent စံချိန်စံညွှန်းအရ ရေနံစိမ်းရှယ်ယာဈေးသည် ၅၀ ဆင့် သို့မဟုတ် ၀.၇ ကျဆင်းခဲ့ပြီး ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၈.၃၀ ပေါက်ကာ တက္ကဆက်စ် (အနောက်) စံချိန်စံညွှန်းအရ ရေနံစိမ်းဈေးသည် ၅၀ ဆင့် သို့မဟုတ် ၀.၇၅ ကျဆင်းခဲ့ပြီး ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၆.၅၀ ပေါက်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

လေ့လာသုံးသပ်သူများ၏ အဆိုအရ OPEC+ အဖွဲ့ဝင် ၈ နိုင်ငံက စျေးကွက်ဝေစုမြှင့်တင်နိုင်ရန် ဩဂုတ်လတွင် တစ်နေ့လျှင် ရေနံစည် ၄၁၁,၀၀၀ ထုတ်လုပ်ပါက ယခုနှစ်ကုန်ပိုင်း ရေနံလက်ကျန်စာရင်းသည် ယခင်တွက်ဆချက်များထက် ပိုမိုများပြားလာမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများကလည်း OPEC ၏ လှုပ်ရှားမှုကို စောင့်ကြည့်နေသလို ဥပဒေရေးဆွဲပြဋ္ဌာန်း  မည့် အမေရိကန်သမ္မတထရမ့်၏ အကောက်ခွန်နှင့် အသုံးစရိတ်လျှော့ချခြင်းကိုလည်း စောင့်ကြည့်နေကြကြောင်းသိရှိရပါသည်။

လာမည့်သီတင်းပတ်တွင် ပြန်လည်စတင်တော့မည့် အမေရိကန် - အီရန် နျူးကလီးယားဆွေးနွေးမှုနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး၏ နျူးကလီးယားမပြန့်ပွားရေး သဘောတူညီချက်ကို ထောက်ခံကြောင်း ပြောကြားခဲ့မှုများ၊ အမေရိကန်၏ အကောက်ခွန်မူဝါဒအသစ် ရက် ၉၀ ဆိုင်းငံ့ထားချိန် ကုန်ဆုံးတော့မည်ဖြစ်သော်လည်း အီးယူအပါအဝင် ကုန်သွယ်ဘက်များနှင့် ညှိနှိုင်းမှုများ မအောင်မြင်သေးသောကြောင့် ရေနံဈေးနှုန်းသည် ဖိအားများရှိကြောင်း အမေရိကန်သတင်းဝက်ဘ်ဆိုဒ် Axios က ဖော်ပြထားသည်။

သီးခြားအနေဖြင့် ဗြိတိန်၊ နိုင်ငံတကာဘဏ် Barclays က Brent စံချိန်စံညွှန်းအရ ၂၀၂၅ ခုနှစ်အတွက် ရေနံတစ်စည်လျှင် အမေရိကန် ၆ ဒေါ်လာ မှ ၇၂ ဒေါ်လာထိတိုးမြှင့်နိုင်ကြောင်းနှင့် ၂၀၂၆ ခုနှစ်တွင် ရေနံဝယ်လိုအား တက်လာနိုင်သည်ဟု ခန့်မှန်းချက်ကြောင့် ရေနံတစ်စည်လျှင် အမေရိကန် ၁၀ ဒေါ်လာ မှ ၇၀ ဒေါ်လာထိ တိုးမြှင့်ထားကြောင်း ပြောကြားခဲ့သည်။

ရင်းမြစ်။        www.reuters.com