အစ္စရေး - အီရန် ပဋိပက္ခအရှိန်အဟုန် မြင့်လာသဖြင့် ရေနံဈေး မငြိမ်သက်
ရေနံဈေးသည် အစ္စရေး - အီရန် ပဋိပက္ခစတင်ခဲ့သည့် ဇွန်လ ၁၃ ရက်နေ့တွင် ၇ % မြင့်တက်ခဲ့ပြီး စစ်ပွဲ အရှိန်အဟုန်မြင့်လာသည်နှင့်အမျှ အရှေ့အလယ်ပိုင်းမှ ရေနံတင်ပို့မှုကို သိသိသာသာ အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်မှုများဖြစ်ပေါ်နေပါသည်။ ရေနံစံဈေးနှုန်း Brent ၏ ရေနံစိမ်းရှယ်ယာဈေးသည် ၆၄ ဆင့် သို့မဟုတ် ၀.၈၆ % နှင့် အမေရိကန်အနောက် Texas စံဈေးနှုန်း၏ ရေနံစိမ်း ရှယ်ယာဈေးသည် ၇၆ ဆင့် သို့မဟုတ် ၁.၀၄ % မြင့်တက်ခဲ့ပြီး ရေနံတစ်စည်လျှင် ၄ ဒေါ်လာထက် ပိုတက်ခဲ့ကြောင်း၊ အကြမ်းအားဖြင့် အနုတ်လက္ခဏာဆောင်နေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါသည်။
ဇွန်လ ၁၃ ရက်နေ့တွင် ၇ % မြင့်တက်ခဲ့သော အဆိုပါ စံချိန် ၂ ခုလုံးသည် ဇန်နဝါရီလမှစ၍ တွက်ချက်ပါက အမြင့်ဆုံးအဆင့်သို့ ၁၃ % ကျော်၍ မြင့်တက်ခဲ့ကြောင်း၊ နောက်ဆုံးစစ်ရေးအခြေအနေများကြောင့် ကမ္ဘာ့ရေနံသုံးစွဲမှု စုစုပေါင်း၏ ငါးပုံတစ်ပုံ သို့မဟုတ် ရေနံ၊ လောင်စာဆီ စည်ပေါင်း ၁၈ သန်းမှ ၁၉ သန်း နေ့စဉ်ဖြတ်သန်းနေသော အဓိကသင်္ဘောလမ်းကြောင်းဖြစ်သည့် Hormuz ရေလက်ကြား၌ အဟန့်အတား ဖြစ်လာနိုင်ခြေအပေါ် စိုးရိမ်မှုများလည်းရှိပြီး ဖူဂျီတိုမီငွေကြေးလုပ်ငန်း (Fujitomi Securities) မှလေ့လာသုံးသပ်သူ Toshitaka Tazawa ကလက်ရှိဖြစ်ပေါ်နေသော အစ္စရေး -အီရန် ပဋိပက္ခသည် ဖြေရှင်းနိုင်မှု မရှိသေးသောကြောင့် ရေနံဝယ်ယူမှု အားကောင်းနေကာ စိုးရိမ်မှု လွန်ကဲမှု မဖြစ်စေရန်လည်း အရောင်းအဝယ်အချို့ရှိခဲ့ကြောင်း၊ စျေးကွက်က အီရန်၏ ရေနံချက်စက်ရုံများကို အစ္စရေးတိုက်ခိုက်မှုကြောင့် ရေနံထုတ်လုပ်မှုအပေါ် အနှောင့်အယှက်များအား စောင့်ကြည့်နေချိန်တွင် Hormuz ရေလက်ကြား ပိတ်ဆို့မှုကလည်း ဈေးနှုန်းသိသိသာသာ တက်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ရေနံတင်ပို့သည့် နိုင်ငံများအဖွဲ့ (OPEC) ၏အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အီရန်သည် လက်ရှိတွင် တနေ့လျှင် ရေနံနှင့် လောင်စာဆီ စည်ပေါင်း ၃.၃ သန်းခန့် ထုတ်လုပ်နေပြီး ၂ သန်းကျော် တင်ပို့နေပါသည်။ OPEC ၏မိတ်ဖက် ရုရှားအပါအဝင် OPEC နိုင်ငံများက ရေနံပိုမိုထုတ်လုပ်မည့် ပမာဏသည် အီရန်၏ ရေနံထုတ်လုပ်မှုနှင့် ညီမျှကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။
ရေနံလေ့လာသုံးသပ်သူ S&P Global Commodity Insights မှ အကြီးအကဲ Richard Joswick က အီရန်ရေနံစိမ်းတင်ပို့မှု ရပ်တန့်သွားပါက အီရန်ရေနံစည်များကို တစ်ဦးတည်းဝယ်ယူသူ တရုတ်ရေနံ သန့်စင်သူများသည် အခြားအရှေ့အလယ်ပိုင်းနိုင်ငံများနှင့် ရုရှားတို့၏ ရေနံစိမ်းများကို အစားထိုး ဝယ်ယူမည်ဖြစ်ကြောင်း၊ ထိုအခါ ကုန်စည်ပို့ဆောင်ခနှုန်းထားများနှင့် ရေနံတင်သင်္ဘောများ၏ အာမခံကြေးများ မြင့်တက်နိုင်ပြီး Brent နှင့် Dubai ဆက်စပ်မှုကို ကျဉ်းမြောင်းစေကာ ရေနံသန့်စင်ခြင်း အမြတ်ကို ထိခိုက်နိုင်ကြောင်း၊ အထူးသဖြင့် အာရှနိုင်ငံများနစ်နာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ https://www.aol.com/