ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းဆိုင်ရာ ရန်ပုံငွေက ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးမှုဆိုင်ရာ သဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ရေး အဆိုပြုချက်များကို စတင်ဖိတ်ခေါ်နေ
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းဆိုင်ရာ ရန်ပုံငွေက ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးမှုဆိုင်ရာ သဘောတူညီချက်ကို အတည်ပြုလက်ခံထားသော ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဖွဲ့ဝင်နိုင်ငံများ သဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ရေး စီမံကိန်းထောက်ပံ့ကြေးများပေးရန် အဆိုပြုလွှာများကို ဇွန်လ ၆ ရက်နေ့မှစ၍ ဖိတ်ခေါ်ခဲ့သည်။ ထောက်ပံ့ငွေ ၂ မျိုးရှိပြီး (က) သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် လေ့လာမှုများနှင့် လိုအပ်ချက်အကဲဖြတ်ခြင်းကဲ့သို့သော ကိစ္စများအတွက် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ အထိနှင့် (ခ) သဘောတူညီချက် အကောင်အထည်ဖော်ရန် သီးခြားစီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၃၀၀,၀၀ အထိ ဖြစ်ပါသည်။
WTO ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က "ယခု သမိုင်းဝင်သဘောတူညီချက်၏ အသက်သွေးကြောမှာ စည်းမျဉ်းအသစ်များကို အကောင်အထည်ဖော်ရန်နှင့် ငါးလုပ်ငန်းစီမံခန့်ခွဲမှုတိုးတက်ရန် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံး အဖွဲ့ဝင်များအတွက် နည်းပညာအကူအညီနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း အထောက်အပံ့များ ပံ့ပိုးပေးခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ကူညီခြင်းဖြင့် လူသားများ၊ သမုဒ္ဒရာများနှင့် တစ်ကမ္ဘာလုံးအတွက် သဘောတူညီချက်၏ အကျိုးကျေးဇူးများ ရရှိစေရန်ဖြစ်ကြောင်း၊ အဆိုပြုချက်များ ဖိတ်ခေါ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သော်လည်း အသက်မွေးဝမ်းကျောင်းမှုနှင့် ပင်လယ်ငါးဖမ်းလုပ်ငန်း ရေရှည်တည်တံ့မှုအတွက် အရေးပါသောခြေလှမ်းဖြစ်ကြောင်း၊ အလှူရှင်များအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
အဆိုပြုလွှာများကို စက်တင်ဘာလ ၉ ရက်နေ့ နောက်ဆုံးထားပြီးတင်သွင်းရမည်ဖြစ်ပြီး အကယ်၍ ၎င်းရက်ထက်စောကာ သဘောတူညီချက် အသက်ဝင်လာပါက အဆိုပြုလွှာလက်ခံမည့်အချိန်ကို တစ်လ ထပ်မံသက်တမ်းတိုးမည်ဖြစ်ပါသည်။ ငါးလုပ်ငန်းဆိုင်ရာ ရန်ပုံငွေအဖွဲ့၏ ဦးဆောင်ကော်မတီက အဆိုပြုလွှာအားလုံးကို ပြန်လည်သုံးသပ်ပြီး အကဲဖြတ်မည်ဖြစ်ပါသည်။
ယခုအချိန်အထိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံပေါင်း ၁၀၁ နိုင်ငံကသဘောတူညီချက်ကို လက်ခံထားပြီး နိုင်ငံပေါင်း ၁၁၁ နိုင်ငံမှ လက်ခံပါက သဘောတူညီချက် အသက်ဝင်ရန််ဖြစ်ကာ ရန်ပုံငွေများကို စတင်ဖြန့်ဝေနိုင်မည်ဖြစ်ပါသည်။
လက်ရှိအချိန်အထိ လက်ခံရရှိထားသော အလှူငွေများမှာ ဆွစ်ဖရန့် ၁၄.၅ သန်း (ကန်ဒေါ်လာ ၁၇.၅ သန်းကျော်) ဖြစ်ပြီး သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အိုက်စလန်၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ Liechtenstein၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေး၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ UAE နှင့်ဗြိတိန်တို့က အလှူငွေများ ထည့်ဝင်ထားကြပါသည်။
၂၀၂၂ ခုနှစ်တွင် ကျင်းပခဲ့သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ၁၂ ကြိမ်မြောက် ဝန်ကြီးအဆင့်ညီလာခံ၌ အတည်ပြုခဲ့သည့် ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးမှုဆိုင်ရာ သဘောတူညီချက်၏ ပုဒ်မ ၇ အရ ငါးလုပ်ငန်းဆိုင်ရာရန်ပုံငွေကို တည်ထောင်ခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ဦးဆောင်ကာ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ လယ်ယာဖွံ့ဖြိုးတိုးတက်ရေး အပြည်ပြည်ဆိုင်ရာ ရန်ပုံငွေ (IFAD) နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ရင်းမြစ်။ https://www.wto.org/