ဂျီနီဗာ၊ ကုန်သွယ်ရေးသဘောတူညီမှုများကို ချိုးဖောက်သည်ဟု ထရမ့်၏စွပ်စွဲချက်ကို တရုတ်ပယ်ချ
ဂျီနီဗာ၊ ကုန်သွယ်ရေးဆွေးနွေးပွဲတွင် ရရှိခဲ့သည့် နှစ်နိုင်ငံ အကောက်ခွန်စည်းကြပ်မှုများကို ပြန်လည် ရုတ်သိမ်းရန် သဘောတူညီမှုများကို ပေကျင်းက ချိုးဖောက်ခဲ့သည်ဟု ထရမ့်၏ စွပ်စွဲချက်သည် အခြေအမြစ်မရှိကြောင်းနှင့် တရုတ်၏အကျိုးစီးပွားကို ကာကွယ်နိုင်ရန် အရှိန်အဟုန်နှင့် အရေးယူသွားမည်ဖြစ်ကြောင်း တရုတ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဝန်ကြီးဌာနက တရုတ်သည် ဂျီနီဗာသဘောတူညီမှုများကို လိုက်နာကျင့်သုံးခဲ့သော်လည်း အမေရိကန်က AI ချစ်ပ် ပို့ကုန်ထိန်းချုပ်ရေး လမ်းညွှန်ချက်ထုတ်ပြန်ခြင်း၊ တရုတ်သို့ ချစ်ပ်ဒီဇိုင်းဆော့ဖ်ဝဲလ်များ ရောင်းချခြင်းကို ဆိုင်းငံ့ခြင်းနှင့် တရုတ်ကျောင်းသားများအား ပြည်ဝင်ခွင့်ဗီဇာများ ရုပ်သိမ်းခြင်း အပါအဝင် ခွဲခြားဆက်ဆံပြီး ကန့်သတ်သည့် နည်းလမ်းများ ချမှတ်ခဲ့ကြောင်း၊ အမေရိကန်အစိုးရသည် စီးပွားရေးနှင့်ကုန်သွယ်ရေး ပြသနာများကို တစ်ဖက်သတ်နှင့် အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးတွင် မသေချာမှုများနှင့် မတည်ငြိမ်မှုများ ပိုမိုဖြစ်ပွားစေခဲ့ကြောင်း ဖော်ပြထားပြီး ၎င်း၏ တုံ့ပြန်မည့် နည်းလမ်းများကို အသေးစိတ်ဖော်ပြမထားပါ။
မေလလယ်တွင် ပြုလုပ်ခဲ့သော ဂျီနီဗာညှိနှိုင်းဆွေးနွေးမှုမှ ပေကျင်းနှင့်ဝါရှင်တန်တို့သည် အကောက်ခွန် ရာဂဏန်းအထိ စည်းကြပ်မှုကို ရက် ၉၀ ကြာ ဆိုင်းငံ့ထားရန် သဘောတူညီခဲ့ကြပြီး အမေရိကန်၏ လျှပ်ကူးပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများနှင့် လက်နက်များ ထုတ်လုပ်ရာတွင် လိုအပ်သော အရေးကြီးသတ္တုများ တင်ပို့မှုကို တရုတ်က ကန့်သတ်ထားမှုအပေါ် ပြန်လည်ရုတ်သိမ်းပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့ကြပါသည်။
သောကြာနေ့က ထရမ့်မှ စတီးလ်နှင့် အလူမီနီယံပစ္စည်းများအပေါ် သွင်းကုန်ခွန်ကို နှစ်ဆတိုး၍ ၅၀ % ကောက်ခံမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ တရုတ်သည် ကမ္ဘာ့အကြီးဆုံး သံမဏိထုတ်လုပ်သူနှင့် တင်ပို့သူဖြစ်သော် လည်း ၂၀၁၈ ခုနှစ်၌ အမေရိကန်က စတီးလ်အပေါ် စည်းကြပ်ခွန် ၂၅ % ချမှတ်ပြီး ချိန်မှစ၍ အမေရိကန်သို့ အနည်းငယ်သာတင်ပို့ပြီး တရုတ်စတီးလ်လုပ်ငန်းရှင်များ စျေးကွက်အတွင်းမှ ပျောက်ကွယ်ခဲ့ရကြောင်း၊ အမေရိကန်သို့ အလူမီနီယံ တင်သွင်းသူများတွင် တရုတ်နိုင်ငံသည် တတိယအဆင့်ရှိနေကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားပါသည်။
ရင်းမြစ်။ https://www.reuters.com/world/china