မသန့်စင်ထားသော စားသုံးဆီတင်သွင်းမှုအပေါ် အခွန်လျှော့ချခဲ့ပြီး ကုလားပဲကို အခွန်ကင်းလွတ် တင်သွင်းခွင့်ပြုနေသည့် အိန္ဒိယ
ကမ္ဘာ့စားသုံးဆီတင်သွင်းမှု အများဆုံးဖြစ်သည့် အိန္ဒိယသည် မသန့်စင်ထားသော စားသုံးဆီ တင်သွင်းမှုအတွက် သွင်းကုန်ခွန်ကို ထက်ဝက် (၁၀%သို့) လျှော့ချခဲ့ကြောင်း၊ ယင်းသို့ဆောင်ရွက်ရခြင်းမှာ မသန့်စင်ရသေးသည့် စားအုန်းဆီ၊ ပဲပုပ်ဆီနှင့် နေကြာဆီများ၏ ပြည်တွင်းဈေးကို လျှော့ချရန်နှင့် ပြည်တွင်းစားသုံးဆီ ပြုပြင်ထုတ်လုပ်မှုလုပ်ငန်းများကို ကူညီရန်ဖြစ်ကြောင်း အစိုးရမှ ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါ သွင်းကုန်ခွန်လျော့ချမှုတွင် ထပ်တိုးအခွန်များဖြစ်သော လယ်ယာအခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအခွန်နှင့် လူမှုဖူလုံရေးအခွန်တို့လည်းပါဝင်ပြီး ၂၇.၅ % မှ ၁၆.၅ % သို့ လျော့ကျနိုင်ကာ သန့်စင်ပြီး စားအုန်းဆီ၊ ပဲပုပ်ဆီနှင့် နေကြာဆီများအတွက် သွင်းကုန်ခွန်မှာ မပြောင်းလဲပဲ ၃၅.၇၅ % ကောက်ခံလျက်ရှိပါသည်။ သန့်စင်ပြီးနှင့် မသန့်စင်ရသေးသော စားသုံးဆီများအကြား သွင်းကုန်ခွန် ကွာဟချက်မှာ ၁၉.၂၅ % ဖြစ်ပြီး အခွန်နည်းပါးသော မသန့်စင်ရသေးသော ဆီတင်သွင်းမှုတိုးလာပါက ပြည်တွင်းဆီသန့်စင်သည့် လုပ်ငန်းများအတွက် အလုပ်ရစေရန်ဖြစ်ပါသည်။
အကောက်ခွန်လျှော့ချခြင်းကြောင့် ပြည်တွင်းဆီဈေးနှုန်းကျဆင်းကာ ဟင်းရွက်ဆီ ပြုပြင်ထုတ်လုပ်သူများ၊ စားသုံးသူများအတွက် အကျိုးရှိစေကြောင်း အိန္ဒိယဆီလုပ်ငန်းရှင်များအသင်း (SEA) မှ ၏ အုပ်ချုပ်မှု ဒါရိုက်တာတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ပြည်တွင်းပဲစျေးနှုန်း တည်ငြိမ်စေရန် အစိုးရသည် အကောက်ခွန်လွတ် ကုလားပဲတင်သွင်းခွင့်ကို ၂၀၂၅ ခုနှစ်၊ မေလ ၃၁ ရက် မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးခဲ့ကြောင်း၊ အိန္ဒိယသည် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ စားအုန်းဆီတင်သွင်းပြီး ဟင်းရွက်ဆီလိုအပ်ချက်၏ ၇၀ % ကျော်ကို ဖြည့်ဆည်းနေပြီး ပဲပုပ်ဆီနှင့် နေကြာဆီတို့ကို အာဂျင်တီးနား၊ ဘရာဇီး၊ ယူကရိန်းနှင့် ရုရှား တို့မှ တင်သွင်းနေကြောင်းသိရသည်။ သွင်းကုန်ခွန်လျှော့ချခြင်းကြောင့် ပြည်တွင်းဆီဈေးနှုန်းကျဆင်းပြီး လက်လီဈေးကွက် ပြန်လည်ရှင်သန်နိုင်ကြောင်း ပွဲစားတစ်ဦးမှ ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ https://ukragroconsult.com