ဗီယက်နမ်ဆန်အစား အိန္ဒိယနှင့် ထိုင်းတို့မှ ဆန်ဝယ်ယူတော့မည့် ဖိလစ်ပိုင်
ကမ္ဘာ့ထိပ်တန်းဆန်တင်သွင်းသူ ဖိလစ်ပိုင်က ပြည်တွင်းရောင်းလိုအား တည်ငြိမ်ရန်နှင့် စျေးနှုန်းချိုသာစေရန် အဓိကတင်သွင်းသူ ဗီယက်နမ်ကိုကျော်၍ ဆန်ဝယ်ယူနိုင်ရေး စီစဉ်နေပါသည်။
ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel က စိုက်ပျိုးရေးဌာနသည် အိန္ဒိယ၊ ပါကစ္စတန်၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှ ပုဂ္ဂလိကရောင်းဝယ်သူများ နှင့် ဆွေးနွေးနေပြီး အင်ဒိုနီးရှား၊ ထိုင်းတို့နှင့်လည်း အရောင်းအဝယ်ဖြစ်နိုင်ကြောင်း၊ ဗီယက်နမ်သည် ဖိလစ်ပိုင်ဆန်သွင်းကုန်၏ ၉၀ % ကို တင်သွင်းနေသဖြင့် စိတ်ချရသည်ဟု ဆိုနိုင်သော်လည်း ရောင်းလိုအားဂယက်(Supply Shock) ဖြစ်မှာကိုမူ စိုးရိမ်သဖြင့် နေရာပေါင်းစုံမှ ဝယ်ယူကာ မျှတစွာယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ကြောင်း မေလ (၃၀) ရက်နေ့တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ အချက်အလက်များအရ ဗီယက်နမ်ဆန်အမျိုးအစားကွဲများ၏ ဈေးနှုန်းသည် ပြည်တွင်း/ပြည်ပ ဝယ်လိုအားများကြောင့် ၃ လ အတွင်း မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ဆန်စပါးဈေးနှုန်းတည်ငြိမ်ရေးနှင့် ချိုသာရေးသည် ဖိလစ်ပိုင်အစိုးရ၏ အဓိကရည်မှန်းချက်တစ်ခုဖြစ်သောကြောင့် ပြီးခဲ့သည့်နှစ်မှစ၍ ဆန်သွင်းကုန်ခွန်ကို ၃၅ % မှ ၁၅ % သို့ လျှော့ချပြီး ဖေဖော်ဝါရီတွင် အရေးပေါ် စားသောက်ကုန်ဖူလုံရေး ကြေညာကာ ဆန်ဈေးကြီးမြင့်မှုကို ထိန်းကျောင်းခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၁၉ ခုနှစ်ကတည်းက ငွေကြေးဖောင်းပွမှုကို နှေးကွေးစေကာ ဗဟိုဘဏ်၏ အတိုးနှုန်းလျော့ချမှုကို အားပေးခဲ့ကြောင်း သိရှိရပါသည်။
ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးက ယခုနှစ် ဆန်တင်သွင်းမှုသည် ၂၀၂၄ ခုနှစ်ထက် လျော့နည်းမည်ဖြစ်ပြီး တန်ချိန် ၄.၅ သန်းထက် မပိုနိုင်ဟု မျှော်လင့်ထားကြောင်း၊ ယခုနှစ် ပြည်တွင်းဆန်ကြမ်းထုတ်လုပ်မှုသည် တန်ချိန် ၂၀.၄၆ သန်း စံချိန်တင်ထွက်ရှိရန် အလားအလာရှိကြောင်း၊အဆိုပါသုံးသပ်ချက်သည် အမေရိကန်၊ စိုက်ပျိုးရေးဌာန၏ ခန့်မှန်းချက်ဖြစ်သော အရှေ့တောင်အာရှနိုင်ငံများသည် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၅.၄ သန်းသာ တင်သွင်းမည်ဟူသော မျှော်မှန်းချက်နှင့် ဆင်တူကြောင်း ဖော်ပြထားပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အကောက်ခွန်အစီအစဉ်အရ ဖိလစ်ပိုင်သည် စင်ကာပူပြီးလျှင် အရှေ့တောင်အာရှတွင် အနိမ့်ဆုံးနှုန်းဖြစ်သည့် ကုန်စည်အခွန် ၁၇ % ပေးရမည်ဖြစ်ပြီး ယင်းက အမေရိကန်သို့ ဖိလစ်ပိုင်၏ ပင်လယ်စာထွက်ကုန်များ အထူးသဖြင့် တီလားပီးယားနှင့် ပုစွန်တို့ကို အိမ်နီးချင်းနိုင်ငံများထက် ဈေးနှုန်းချိုသာစွာ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ပြိုင်ဘက်များကို အကောက်ခွန်နှင့် အကြပ်ရိုက်စေခြင်းက မိမိတို့အတွက် အားသာချက်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီး Laurel မှ ပြောကြားခဲ့သည်။
ရင်းမြစ်။ https://www.businesstimes.com.sg/