ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းပြီး အာဆီယံငွေကြေးများ တန်ဖိုးမြင့်လာနိုင်

 

မလေးရှား၊ ရင်းနှီးမြှုပ်နှံမှုဘဏ်ဖြစ်သော မေဘဏ်၏ အစီရင်ခံစာအရ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်ဒေါ်လာအပေါ် အလွန်အမင်း မှီခိုနေမှုကိုလျှော့ချနေပြီး အခြားငွေကြေးများ ပြောင်းလဲအသုံးပြုလာခြင်းကြောင့် ယခုနှစ်အတွင်း မလေးရှားရင်းဂစ်၊ စင်ကာပူဒေါ်လာ၊ အင်ဒိုနီးရှားရူပီးနှင့် ထိုင်းဘတ် စသည့် အာဆီယံငွေကြေးများ ပိုမို တန်ဖိုးတက်လာနိုင်ကြောင်း ဖော်ပြထားသည်။

သို့သော် အမေရိကန်ဒေါ်လာမှ အခြားငွေကြေးများဆီသို့ လုံးဝပြောင်းလဲသုံးစွဲနိုင်ခြေမှာမူ လုံလောက်သော အထောက်အထားများ မရှိသေးကြောင်း၊ ထရမ့်၏ နိုင်ငံကို အကာအကွယ်ပေးမှုမူဝါဒများ၊ အခွန်ပြုပြင်ပြောင်းလဲမှု အဆိုပြုချက်များသည် ဒေါ်လာတန်ဖိုးကျဆင်းစေကြောင်း၊ ထရမ့်၏ ခန့်မှန်းမရနိုင်မှုသည် ငွေကြေးဈေးကွက်အတွင်း မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်စေနိုင်ကြောင်း၊ ပြီးခဲ့သည့် စွန့်စားရမှုများနှင့်မတူပဲ ထရမ့်၏ "Sell America" ​​ဆောင်ပုဒ်ကြောင့် အမေရိကန်ဒေါ်လာသည် သိသာစွာ ထိခိုက်ခဲ့ကြောင်း၊ အမေရိကန်အနေဖြင့် ၎င်း၏ အကောက်ခွန်မူဝါဒကို ဆက်လက်တွန်းအားပေးနေပါက ဒေါ်လာကို အပြိုင်ရောင်းချနေရမည်ဖြစ်ကြောင်း၊ "Sell America" ​​ဆောင်ပုဒ် မကျင့်သုံးသည့်တိုင် အမေရိကန်၏ စီးပွားရေးနှေးကွေးခြင်း၊ ဗဟိုဘဏ်၏ အတိုးနှုန်းလျှော့ချရန် အလားအလာနှင့်     ကမ္ဘာ့စီးပွားရေး တိုးတက်ရန် ခန့်မှန်းချက်များကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းမှုသည် ၂၀၂၅ ခုနှစ်၊ နှစ်ဝက်အထိ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း ဘဏ်၏သုတေသနအစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းနိုင်ခြေကြောင့် အာရှဒေသတွင်း ဗဟိုဘဏ်များက စီးပွားရေး ပိုမိုတိုးတက်ရန် အတိုးနှုန်းများ လျှော့ချလာနိုင်ပြီး ထိုမှတဆင့် ဒေသတွင်းငွေကြေးများအတွက် ကောင်းမွန်သော လည်ပတ်မှုဖြစ်စေနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန်ဒေါ်လာကို ကောင်းကျိုးဖြစ်စေမည့် ကာလတို အပေးအယူ၊ အရောင်းအဝယ်များသည် ရွှေ၊ ဆွစ်ဖရန့်၊ စင်ကာပူဒေါ်လာနှင့် ထိုင်းဘတ်တို့ကို ဆိုးကျိုးဖြစ်စေနိုင်သဖြင့် သတိထားရန်လိုကြောင်း၊ ဒေါ်လာ တန်ဖိုးပြန်တက်အောင် ဆောင်ရွက်မှုသည် ကာလတို ရုန်းထွက်မှုတစ်ခုသာဖြစ်ပြီး မလုပ်သင့်သောကိစ္စသာဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများ၏ အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုလျှော့ချရေး ကြိုးပမ်းမှုများသည် ယခုအချိန်ထိ ကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ ကုန်သွယ်ရေးတွင် ပြည်တွင်း ငွေကြေးအသုံးပြုမှုနှုန်း နိမ့်ကျနေဆဲဖြစ်ပြီး ဗဟိုဘဏ်များကလည်း ၎င်းတို့၏ နိုင်ငံခြားငွေကြေး အရန်ငွေနှင့် ပိုင်ဆိုင်မှု (assets) များကိုသာ ပြောင်းလဲသုံးကြကြောင်း၊ ငွေချေးစာချုပ်များအပေါ် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသော်လည်း ၎င်းသည် အာဆီယံ၏ အမေရိကန်ဒေါ်လာ သို့မဟုတ် အမေရိကန်ပိုင်ဆိုင်မှု(assets)မှ ရုန်းထွက်လိုသည့် ကိုယ်ပိုင်ဆန္ဒ မဟုတ်ဟု ယူဆကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ရင်းမြစ်။        BERNAMA