ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးမှုဆိုင်ရာ သဘောတူညီချက်ကို လက်ခံသော ၁၀၀ ကြိမ်မြောက် နိုင်ငံဖြစ်လာသည့် မာလာဝီ

 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းအပေါ်အထောက်အပံ့ပေးမှုဆိုင်ရာ သဘောတူညီချက်ကို လက်ခံသော ၁၀၀ ကြိမ်မြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် မာလာဝီနိုင်ငံ၏ တရားဝင်အကြောင်းကြားစာကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်ထံသို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ မာလာဝီသံအမတ်ကြီးက ၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့တွင် ပေးအပ်ခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က ကမ္ဘာ့ငါးသယံဇာတများ လျော့နည်းလာမှုသည် စုပေါင်းအားဖြင့် ချက်ခြင်းအရေးယူ ဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်း၊ ယခုလိုအရေးကြီးသော ပူးပေါင်းဆောင်ရွက်မှုတွင် မာလာဝီပါဝင်လာခြင်းကို ကျေးဇူးတင်ရှိကြောင်း၊ မာလာဝီ၏ သဘောတူလက်ခံမှုသည် လက်ရှိနှင့်အနာဂတ်မျိုးဆက်များအတွက် ကမ္ဘာ့သမုဒ္ဒရာများနှင့် ငါးသယံဇာတများ ရေရှည်အသုံးပြုနိုင်ရေး လိုအပ်သော နိုင်ငံစုံသဘောတူညီချက်တစ်ခုကို အသက်ဝင်လာရန် မှတ်တမ်းတစ်ခုဖြစ်ကြောင်း၊  မာလာဝီသည် ၁၀၀ ကြိမ်မြောက် သဘောတူလက်ခံသည့်နိုင်ငံဖြစ်ရာ သဘောတူညီချက် အသက်ဝင်ရေး နောက်ထပ် ၁၁ နိုင်ငံသာ လိုအပ်တော့ကြောင်း ပြောကြားခဲ့ပါသည်။

မာလာဝီသံအမတ်ကြီး Bwanali Mussa က မာလာဝီသည် နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို အပြည့်အဝ လက်ခံယုံကြည်ပါကြောင်း၊ ကမ်းရိုးတန်းနိုင်ငံမဟုတ်သော်လည်း သဘာဝပတ်ဝန်းကျင်နှင့် ကမ္ဘာ့ငါးသယံဇာတ ထိန်းသိမ်းရေး၊ တရားမဝင်၊ စာရင်းမှတ်ထားခြင်းမရှိ၊ ထိန်းကျောင်းခြင်းမရှိသော ငါးဖမ်းလုပ်ငန်းကို တားမြစ်ရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများ၏ စုပေါင်းအားထုတ်မှုကို ထောက်ခံပါကြောင်း၊ အဆိုပါအားထုတ်မှုများသည် စားသောက်ကုန်ဖူလုံရေး၊ အလုပ်အကိုင်ရရှိရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားရေရှည် တည်တံ့ခိုင်မြဲရေးတို့အတွက် ပင်လယ်သမုဒ္ဒရာ ဂေဟစနစ်ကို မှီခိုနေသော အင်အားနည်းနိုင်ငံများ၏ လူမှုဘဝများအတွက် အထောက်အပံ့ဖြစ်စေပါကြောင်း ပြောကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ၁၂ ကြိမ်မြောက် ဝန်ကြီးများအဆင့်ညီလာခံ၌ တူညီဆန္ဒဖြင့် သဘောတူညီခဲ့သည့် ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးမှုဆိုင်ရာ သဘောတူညီချက်သည် ကမ္ဘာတစ်ဝန်းငါးလျော့နည်းလာစေသည့် အထောက်အပံ့များမပေးရေးအတွက် ကဏ္ဍစုံစည်းမျဉ်းသစ်များပြဌာန်းထားပါသည်။ အဆိုပါ သဘောတူညီချက်တွင် တရားမဝင်၊ စာရင်းမှတ်ထားခြင်းမရှိ၊ ဥပဒေအရထိန်းကျောင်းခြင်းမရှိသည့် ငါးဖမ်းခြင်းများ (illegal, unreported and unregulated - IUU) အတွက် အထောက်အပံ့များကို တားမြစ်ခြင်း၊ ငါးလျော့နည်းလာစေသည့် အလွန်အကျွံငါးဖမ်းမှုကိုတားမြစ်ခြင်းနှင့် ကမ်းဝေးပင်လယ်ပြင်တွင် စည်းကမ်းလိုက်နာမှုမရှိသောငါးဖမ်းခြင်းအတွက် အထောက်အပံ့များကို အဆုံးသတ်စေခြင်းတို့ ပါဝင်သည်။ 

ထို့အပြင် အဆိုပါသဘောတူညီချက်၏ တာဝန်များကို လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs) ၏ လိုအပ်ချက်များကိုအသိအမှတ်ပြု၍ နည်းပညာဆိုင်ရာအကူအညီထောက်ပံ့ပေးရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရန် ရန်ပုံငွေတစ်ရပ် ထူထောင်ထားပါသည်။ 

လက်ရှိသဘောတူညီချက်ကိုအဆင့်မြှင့်တင်ရေးအတွက် ပြင်ဆင်ပြဋ္ဌာန်းလိုသည့် အချက်များရရှိနိုင်ရေးအဖွဲ့ဝင်နိုင်ငံများက ဆက်လက်ညှိနှိုင်းလျက်ရှိပါသည်။

ရင်းမြစ်။        www.wto.org