ပစိဖိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးသဘောတူညီချက် (CPTPP) တွင် ၁၁ နိုင်ငံ မြောက် အဖွဲ့ဝင်အဖြစ် ပါဝင်လာသည့် ဘရူနိုင်း
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တစ်ခုဖြစ်သော ပစိဖိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သဘောတူညီချက် (CPTPP) တွင် ၁၁ နိုင်ငံမြောက် မူလအဖွဲ့ဝင်အဖြစ် ပါဝင်ရန် ဘရူနိုင်းမှ အတည်ပြုလိုက်ပြီဖြစ်သည်။
သဘောတူညီချက်စာရွက်စာတမ်းများအား တာဝန်ခံစုစည်းသည့် နယူးဇီလန်အား စနေနေ့တွင် ဘရူနိုင်းမှ အကြောင်းကြားပြီးနောက် ရက်ပေါင်း ၆၀ အကြာ ဇူလိုင်လလယ်တွင် ဘရူနိုင်း၏ ပါဝင်မှု စတင်အသက်ဝင်မည်ဖြစ်သည်။
၂၀၁၈ ခုနှစ်တွင် ချီလီ၌ လက်မှတ်ရေးထိုးခဲ့သော CPTPP သဘောတူညီချက်မှ အမေရိကန် နှုတ်ထွက်ခဲ့ပြီးနောက် ကနေဒါ၊ ချီလီ၊ ပီရူး၊ မက္ကဆီကို၊ မလေးရှား၊ နယူးဇီလန်၊ သြစတြေးလျ၊ ဂျပန်၊ စင်ကာပူနှင့် ဗီယက်နမ်တို့ အဖွဲ့ဝင်အဖြစ် ပါဝင်ထားရာ ဘရူနိုင်းသည် အဆိုပါ ဈေးကွက်များမှ ကုန်သွယ်မှု အခွင့်အလမ်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရရှိမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘရူနိုင်းသည် ၂၀၀၆ ခုနှစ်တွင် နယူးဇီလန်၊ စင်ကာပူနှင့် ချီလီတို့နှင့်အတူ စတင်ခဲ့သော ပစိဖိတ်ဖြတ်ကျော် မဟာဗျူဟာမြောက် စီးပွားရေးမိတ်ဖက်ဆက်ဆံရေး (TPP) ကတည်းက အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ကာ နောက်ပိုင်းတွင် အမေရိကန်၊ ဂျပန်နှင့် အခြားနိုင်ငံများက ပစိဖိတ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်ရေး ဘက်စုံသဘောတူညီချက် (CPTPP) အဖြစ် တိုးချဲ့ရန် စေ့စပ်ညှိနှိုင်းမှုများတွင်လည်း ပါဝင်ခဲ့သည်။
CPTPP ၏ ၁၂ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် ဗြိတိန်က ဇူလိုင်လတွင် ဝင်ရောက်ရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။
ရင်းမြစ်။ https://wtocenter.vn