အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်စက်မှုကုန်စည် ထုတ်လုပ်မှု ကျဆင်း

 

သမ္မတထရမ့်၏ အကောက်ခွန်အသစ်ကြောင့် ကုန်သွယ်မှုစစ်ပွဲ စိန်ခေါ်မှုများနှင့် ပြည်တွင်းဝယ်လိုအား ကျဆင်းမှုတို့ ခံစားနေရသော တရုတ်နိုင်ငံ၏ ပြီးခဲ့သည့်လ စက်မှုကုန်စည်ထုတ်လုပ်မှုသည် ကျဆင်းခဲ့ကြောင်း Financial Times သတင်းစာတွင် ဖော်ပြထားပါသည်။

တရုတ်အမျိုးသားစာရင်းအင်းအဖွဲ့ကမူ ဧပြီလအတွင်း တရုတ်စက်မှုထုတ်ကုန် ထုတ်လုပ်မှုသည် ပြီးခဲ့သည့်နှစ် ကာလတူထက် ၆.၁ % တိုးတက်ခဲ့ပြီး မတ်လထုတ်လုပ်မှုတိုးတက်နှုန်း ၇.၇ % ထက် လျော့နည်းကြောင်း၊ ဧပြီလအတွင်း လက်လီရောင်းချမှုသည် ပြီးခဲ့သည့်နှစ် ကာလတူထက် ၅.၁ % တိုးတက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တရုတ်၊ နိုင်ငံတကာဘဏ်လုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ ING ၏ ထိပ်တန်းစီးပွားရေး ပညာရှင်တစ်ဦးက ဧပြီလအတွင်း တရုတ်လက်လီရောင်းချမှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာရင်းသေတိုးတက်မှု နှေးကွေးခဲ့သလို ထုတ်လုပ်မှုသည် မျှော်မှန်းထားသည်ထက် နှေးကွေးခဲ့ကြောင်း ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့် သီတင်းပတ်အတွင်း တရုတ်နှင့်အမေရိကန်တို့ ဂျီနီဗာ၌တွေ့ဆုံ၍ အကောက်ခွန်နှုန်းအသစ်များအား လျှော့ချရန်နှင့် ခေတ္တဆိုင်းငံ့ထားရန် ညှိနှိုင်းနိုင်ခဲ့ပြီးနောက် အမေရိကန်က တရုတ်ကုန်စည်များကို ကောက်ခံမည့် အကောက်ခွန်နှုန်းများသည် ၁၄၅ % မှ ၄၀ % ကျဆင်းသွားခဲ့ကာ တရုတ်က အမေရိကန်ကုန်စည်များအပေါ် ကောက်ခံမည့် အကောက်ခွန်နှုန်းများသည် ၁၂၅ % မှ ၂၅ % ကျဆင်းခဲ့ကြောင်း၊ သဘောတူညီချက်အသေးစိတ်ကို ရက်ပေါင်း ၉၀ အတွင်း ထုတ်ပြန်ရန် ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။

အကောက်ခွန်နှုန်းအသစ်များကို ရှောင်ရှားရန် တရုတ်ထုတ်လုပ်သူများက တတိယနိုင်ငံများမှတဆင့် အမေရိကန်သို့ တင်ပို့ရန် ကြိုးပမ်းနေကြပြီး ဧပြီလထိ စာရင်းများအရ တရုတ်မှ အမေရိကန်သို့ တင်ပို့မှု ၂၁ % ကျဆင်းခဲ့ပြီး အဆိုပါကာလအတွင်း အရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့မှုသည် အလားတူ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ အမေရိကန် သွင်းကုန်လုပ်ငန်းရှင်များကလည်း အကောက်ခွန် အမြင့်နှုန်းများ မကောက်ခံမီ စော၍ တရုတ်မှ တင်သွင်းခဲ့ကြကြောင်း၊ ယင်းသို့ တင်သွင်းမှုကြောင့် အနီးကပ်ဆုံး ကာလတိုအတွက် တရုတ်စီးပွားရေး တိုးတက်နိုင်သော်လည်း ပြန်လည်ပေးဆပ်ရမည့် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း၊ လက်ရှိပြည်တွင်းဝယ်လိုအား ကျဆင်းနေသဖြင့် တိုးတက်မှု၊ အလုပ်အကိုင်နှင့် ဈေးကွက်အခြေအနေတို့ တည်ငြိမ်စေရန် မူဝါဒပိုင်းဖြေလျှော့မှုများစွာ လိုအပ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ထားပါသည်။

တရုတ်အမျိုးသားစာရင်းအင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လက်ရှိကုန်ဈေးနှုန်း ကျဆင်းနေမှုက ထုတ်လုပ်သည့် လုပ်ငန်းများကို ဖိအားဖြစ်စေပြီး အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက်မှုအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း၊ ထို့ကြောင့် မူလဈေးနှုန်းသို့ ပြန်လည်ရောက်ရှိရန် ကြိုးပမ်းသင့်ကြောင်း၊ ပြောကြားခဲ့သည်။

Bloomberg ၏ အစီရင်ခံစာအရ ပြည်တွင်းအိမ်ခြံမြေလုပ်ငန်း ငွေပြန်မပေါ်မှုကလည်း နိုင်ငံစီးပွားရေးကို ကျဆင်းစေကြောင်း၊ မြို့ကြီး ၇၀ ရှိ အိမ်အသစ်တစ်လုံးဈေးသည် မတ်လအတွင်း ၀.၈ % သာ ကျဆင်းခဲ့သော်လည်း ဧပြီလအတွင်း ၀.၁၂ % ကျဆင်းခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ်ကထက် အိမ်အသစ် ဈေးသည် ၄.၅၅ % ကျဆင်းပြီး အိမ်အဟောင်းဈေးသည် ၆.၇၆% ကျဆင်းနေကြောင်း ဖော်ပြထားပါ သည်။

ရင်းမြစ်။        Financial Times