အင်ဒိုနီးရှား၏ အစိမ်းရောင်စက်မှုလုပ်ငန်းထိပ်သီးဆွေးနွေးပွဲ -၂၀၂၅ တွင် အဓိကမိတ်ဖက်အဖြစ် ပါဝင်လာသည့် တရုတ်

 

၂၀၆၀ ပြည့်နှစ်တွင် ဓာတ်ငွေ့ထုတ်လွှတ်မှု ကင်းစင်ရေး (Net-Zero Emissions) မျှော်မှန်းချက်ဖြင့် အင်ဒိုနီးရှား၊ စက်မှုဝန်ကြီးဌာနမှ ဩဂုတ်လ၌ ကျင်းပမည့် ဒုတိယအကြိမ် အင်ဒိုနီးရှား၊ အစိမ်းရောင် စက်မှုလုပ်ငန်းထိပ်သီးဆွေးနွေးပွဲ (AIGIS) -၂၀၂၅ တွင် တရုတ်နိုင်ငံ၊ ချယ်ရီအုပ်စုဝင် SUV ကားအမှတ်တံဆိပ် JAECOO က အဓိကမိတ်ဖက်အဖြစ် ပါဝင်မည်ဖြစ်ကြောင်း၊ ယင်းသို့ပါဝင်မှုသည် နည်းပညာဆန်းသစ်တီထွင်မှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဂေဟစနစ်ကို ထောက်ပံ့ကူညီပေးသည့် အင်ဒိုနီးရှား၏ ရေရှည်စီမံကိန်းအပေါ် JAECOO ၏ ကတိကဝတ်ကို ပြသလိုက်ခြင်းဖြစ်ကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့သည်။

AIGIS ပရိုဂရမ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ၂၀၂၅ ခုနှစ်၊ အမျိုးသားအစိမ်းရောင်စက်မှုလုပ်ငန်းဖိုရမ်ကို ဧပြီလ ၃၀ ရက်နေ့တွင် Bandung ၌ ကျင်းပခဲ့ရာ အစိုးရ၊ စီးပွားရေးလုပ်ငန်းနှင့် သုတေသန အဖွဲ့အစည်း ၃၀၀ ကျော် တက်ရောက်ခဲ့ပြီး ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး နည်းပညာများ ကျင့်သုံးရေး၊ စွမ်းအင်ထိရောက်စွာသုံးစွဲမှု မြှင့်တင်ရေးနှင့် အစိမ်းရောင်ဆန်းသစ်တီထွင်မှု တိုးတက်ရေးတို့ကို အဓိကထားဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ၏ စက်မှုကဏ္ဍသည် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုတွင် ၃၄ % နှင့် နိုင်ငံ၏ ဂျီဒီပီတွင် ၄၁ % ပါဝင်နေသောကြောင့် စက်မှုကဏ္ဍ ပြုပြင်ပြောင်းလဲရေး အရေးတကြီးလိုအပ်ကြောင်းလည်း ဆွေးနွေးခဲ့ကြပါသည်။

အင်ဒိုနီးရှား၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Faisol Reza က JAECOO ကုမ္ပဏီ၏ Super Hybrid System (SHS) J7 မော်ဒယ်ကား၏ ထိရောက်မှုရှိပြီး ကုန်ကျစရိတ် ပိုမိုသက်သာမှုက ရိုးရိုး Plug-in Hybrid Electric Vehicle ကားများထက် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းသာကြောင်း၊ ၂၀၂၅ ခုနှစ် အစောပိုင်းတွင် အင်ဒိုနီးရှားဈေးကွက်သို့ တရားဝင်ဝင်ရောက်ခဲ့သော JAECOO EV ကားများသည် အင်ဒိုနီးရှား အစိုးရ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးလမ်းပြမြေပုံနှင့် အညီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကုမ္ပဏီဘက်ကလည်း AIGIS ပြပွဲတွင်ပါဝင်ခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွက် JAECOO ၏ စစ်မှန်သောနည်းပညာနှင့် လုပ်ဆောင်ချက်များကို ပြသခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရင်းမြစ်။ https://english.news.cn