အမေရိကန်၏ အကောက်ခွန်စည်းကြပ်မှုအပေါ် တန်ပြန်အခွန်ကောက်ခံတော့မည့် တရုတ်
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်မှ တရုတ်သွင်းကုန် စတီးလ်နှင့် အလူမီနီယံတို့အပေါ် အကောက်ခွန် ၂၅% နှင့် အခြားသွင်းကုန်ပစ္စည်းများအပေါ် ၁၀ % စည်းကြပ်ကောက်ခံသွားမည့်အပေါ် တုံ့ပြန်သည့်အနေဖြင့် တရုတ်က အမေရိကန်သွင်းကုန်များဖြစ်သည့် ရေနံစိမ်း၊ သဘာဝဓါတ်ငွေ့ရည်၊ စိုက်ပျိုးရေး သုံးစက်ယန္တရားများနှင့် အခြားအမေရိကန်ထုတ်ကုန်များအပေါ် အကောက်ခွန် ၁၀ % မှ ၁၅ % ထိကို ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှစ၍ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ပေကျင်းသတင်းဌာနတစ်ခုမှ သိရပါသည်။
တနင်္လာနေ့က ပေကျင်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က သွင်းကုန်ခွန်ဆိုင်ရာ မေးခွန်းများနှင့်ပတ်သက်၍ “ကုန်သွယ်ရေးစစ်ပွဲ သို့မဟုတ် အကောက်ခွန်စစ်ပွဲတွင် အောင်နိုင်သူမရှိကြောင်း၊ တစ်ဖက်သတ်အကောက်ခွန် စည်းကြပ်ခြင်းထက် တန်းတူညီမျှမှုနှင့် အပြန်အလှန်လေးစားမှုကို အခြေခံသည့် ဆွေးနွေးညှိနှိုင်းမှုသာ လက်ရှိတွင် လိုအပ်နေကြောင်း၊ မှားယွင်းသည့်လုပ်ရပ်များကို ရပ်တန့်ရန်၊ စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များတွင် နိုင်ငံရေးအရ အသုံးချခြင်းကို ရှောင်ကြဉ်ရန် အမေရိကန်အား တိုက်တွန်းလိုကြောင်း” ပြောကြားခဲ့သည်။
ပေကျင်းသည်တန်ပြန်အခွန်စည်းကြပ်ရုံနှင့် ရပ်နေမည်မဟုတ်ပဲ ယုံကြည်မှုဖောက်ဖျက်မှု (antitrust) ဖြင့် Google အား စုံစမ်းစစ်ဆေးခြင်း၊ အခြားအမေရိကန်ကုမ္ပဏီ ၂ ခုကိုလည်း အမည်ပျက်စာရင်း ထည့်သွင်းခြင်း၊ နည်းပညာထောက်ပံ့မှုကွင်းဆက်တွင် အရေးကြီးသော ရှားပါးသတ္တုများတင်ပို့မှု ကန့်သတ်ခြင်းကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ပြောကြားခဲ့သည်။
“ထရမ့်၏ ပထမအကြိမ် သမ္မတသက်တမ်းကာလအတွင်း အမေရိကန်သွင်းကုန်များအပေါ် တရုတ်၏ အကောက်ခွန်စည်းကြပ်မှုသည် တရုတ်သွင်းကုန်များအပေါ် အမေရိကန်က အကောက်ခွန် ကောက်ခံမှုနှင့် အချိုးကျမျှတမှုရှိကြောင်း၊ ယခုတစ်ကြိမ်တွင် တရုတ်သည် အမေရိကန်သွင်းကုန်များအပေါ် ပိုမိုနိမ့်ကျသော အကောက်ခွန်နှုန်းထားများဖြင့် ထိရောက်စွာ ကောက်ခံမှုသည် အမေရိကန်ကို အချက်ပြလိုက်ခြင်းဖြစ်ကြောင်း၊ တန်ဖိုး ကန်ဒေါ်လာ ၄၅၀ ဘီလီယံကျော်ရှိ တရုတ်ကုန်စည်များ အပေါ် အမေရိကန်က အခွန်တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး တရုတ်ဘက်က တန်ဖိုး ကန်ဒေါ်လာ ၁၅ ဘီလီယံမှ ၂၀ ဘီလီယံထိရှိ အမေရိကန်ကုန်စည်များအပေါ် အခွန်တိုးမြှင့် ကောက်ခံမှုမည်ဖြစ်ကြောင်း၊ တရုတ်သည် သတ္တုတူးဖော်ရေးနှင့် သန့်စင်ရေးလုပ်ငန်းတွင် ကမ္ဘာ့အကြီးဆုံးလုပ်ငန်း ဆောင်ရွက်သူဖြစ်ပြီး အထူးသဖြင့် မြေရှားသတ္တုလုပ်ငန်းတွင် ဦးဆောင်သူဖြစ်ကြောင်း” Moody’s Analytics မှ တရုတ် စီးပွားရေးရာအကြီးအကဲဖြစ်သူ Harry Murphy Cruise ၏ ပြောကြားခဲ့မှုအပေါ် NPR သတင်းဌာနက ဖော်ပြထားပါသည်။
ရင်းမြစ်။ NPR သတင်းဌာန (https://www.npr.org/)