သမ္မတထရမ့်၏ အကောက်ခွန်နှုန်းကြောင့် အမေရိကန် စိုက်ပျိုးရေးပို့ကုန်များအပေါ် စိန်ခေါ်မှုများဖြစ်
တရုတ်နှင့်မက္ကဆီကို သွင်းကုန်များအပေါ် အမေရိကန်က အခွန်နှုန်းတိုးမြှင့်လိုက်ခြင်းကြောင့် အဆိုပါ နိုင်ငံများသို့ အမေရိကန် ပြောင်းနှင့် ပဲပုပ် တင်ပို့မှုတွင် အခက်အခဲရှိနိုင်ကြောင်း၊ အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) ၏ အချက်အလက်များအရ ၂၀၁၉ ခုနှစ်မှ၍ စုစုပေါင်း ပြောင်းတင်ပို့မှု၏ ၄၈ % နှင့် စုစုပေါင်း ပဲပုပ်တင်ပို့မှု၏ ၆၁ % ကို အဆိုပါနိုင်ငံများသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သမ္မတထရမ့်က မက္ကဆီကိုမှ သွင်းကုန်များအပေါ် အခွန် ၂၅ % နှင့် တရုတ်သွင်းကုန်များအပေါ် ထပ်တိုးအခွန် ၁၀ % ချမှတ်ရန်စီစဉ်ခြင်းသည် တန်ပြန်အကောက်ခွန်နှုန်းများကြောင့် အမေရိကန် စိုက်ပျိုးရေးဈေးကွက်အတွက် ကြီးမားသောစိန်ခေါ်မှုများ ဖြစ်ပေါ်စေနိုင်သလို ကုန်စည်စီးဆင်းမှုတွင် အခက်အခဲများဖြစ်လာနိုင်ကြောင်း၊ ထရမ့်၏ ပထမသမ္မတ သက်တမ်းတွင် တရုတ်နိုင်ငံအပေါ် အကောက်ခွန်တိုးမြှင့်ခဲ့ခြင်းက အမေရိကန် လယ်ယာပို့ကုန်အပေါ်တွင်လည်း အခွန်ပြန်လည်မြှင့်တင်မှုကြောင့် ကုန်သွယ်မှုသိသိသာသာလျှော့ကျခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ အမေရိကန်၏ ပြောင်းနှင့်ပဲပုပ်တင်ပို့မှုသည် ယခင်နှစ်ထက် ၇၄ % ကျဆင်းသွားကြောင်း USDA အချက်အလက်များအရ သိရပါသည်။
အမေရိကန်၏ ၂၀၂၄ ခုနှစ် ထွက်ကုန် ပြောင်းနှင့် ပဲပုပ်များအား ထရမ့် သက်တမ်းမတိုင်မီ ပုံမှန်ထက် ပိုမိုတင်ပို့ခဲ့ကြသဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အထိ အမေရိကန်၏ ပြောင်းတင်ပို့မှုသည် ယခင်နှစ်ကထက် ၂၉ % တိုးတက်ခဲ့ကာ တန်ချိန် ၂၀.၃ သန်း ရှိခဲ့ကြောင်း၊ ပဲပုပ်တင်ပို့မှုတွင်လည်း ယခင်နှစ်ထက် ၂၁ % တိုးတက်ခဲ့ကာ တန်ချိန် ၃၃ သန်းအထိ ရောက်ရှိခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၃ ရက်နေ့အထိ တရုတ်နိုင်ငံမှ ဝယ်ယူခဲ့သော အမေရိကန်ပဲပုပ် တန်ချိန် ၂.၄ သန်း၊ မက္ကဆီကိုထံသို့ အမေရိကန် ပဲပုပ် ၁.၃ သန်းနှင့် အမေရိကန်ပြောင်းဖူး ၇.၉ သန်း သင်္ဘောတင်ရန် ကျန်သေးကြောင်း၊ အဆိုပါဝယ်ယူမှုများကို အခွန်စည်းကြပ်မှုများကြောင့် ပယ်ဖျက်ခြင်း သို့မဟုတ် ပမာဏလျော့ချခြင်းများ ရှိနိုင်ကြောင်း၊ အမေရိကန်သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြောင်း တန်ချိန် ၆၂.၂ သန်းနှင့် ပဲပုပ် တန်ချိန် ၄၉.၇ သန်းတင်ပို့ရန် USDA က ခန့်မှန်းထားကြောင်း၊ သို့ဖြစ်ရာ အမေရိကန်အနေဖြင့် ပြောင်း တန်ချိန် ၂၂.၄ သန်းနှင့် ပဲပုပ် တန်ချိန် ၉.၇ သန်း ထပ်မံတင်ပို့ရန်လိုအပ်သေးကြောင်း ဈေးကွက်သတင်းခန့်မှန်းချက်များအရ သိရှိရပါသည်။
ရင်းမြစ်။ www.argusmedia.com/en/news-and-insights/latest-market