မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီအစည်းအဝေး ၃/၂၀၂၅ သို့ တက်ရောက် အဖွင့်အမှာစကားပြောကြား နေပြည်တော်၊ မေလ ၂၈ ရက်

    ၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့၊ ၀၉:၃၀ နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်- ၃၊ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ - ၁ ၌ ကျင်းပပြုလုပ်ခဲ့သည့် မူပိုင်ခွင့် ဆိုင်ရာအေဂျင်စီအစည်းအဝေး ၃ / ၂၀၂၅ သို့ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့သည်။
   အစည်းအဝေးတွင် မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌက မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအစည်းအဝေးများကို နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ နည်းဥပဒေအရ လုပ်ငန်းအဖွဲ့အစည်းများ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအဖွဲ့ဝင်များအနေဖြင့် မူပိုင်ခွင့်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ရန်လိုအပ်သည့်အတွက် လက်တွေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့် (Manual) ကို လက်စွဲစာအုပ်အဖြစ် ပြုစုနေပြီဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ လျှောက်ထားခြင်းများ၊ စစ်ဆေးခြင်းများနှင့်စပ်လျဉ်း၍ အေဂျင်စီအဖွဲ့ဝင်များသို့ အသိပညာပေး ရှင်းလင်းတင်ပြခြင်း အစီအစဉ်များကို ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါကြောင်း၊ လိုအပ်နေသည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ပညာရှင်နှင့်တီထွင်မှုမူပိုင်ခွင့် ပညာရှင်များရရှိနိုင်ရေး အတွက်လည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းနှင့် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီက တာဝန်ပေးအပ်သော လုပ်ငန်းများနှင့် ဆုံးဖြတ်ချက်များကို အေဂျင်စီအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းအကောင် အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။ 
   ထို့နောက် အေဂျင်စီအဖွဲ့ဝင်များ၊ မူပိုင်ခွင့်ပညာရှင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြခဲ့ရာ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး  နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။